အတွေးအိမ်လေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်
အတွေးအိမ်လေးကို .. ကိုယ်တိုင် ဘ၀အမောပြေ နားခိုရန်နှင့် .. အပေါင်းသင်း သူငယ်ချင်းမိတ်ဆွေများ ပျော်ရွှင်စွာ နားခိုရန် ရည်ရွယ်ချက်ဖြင့် ဆောက်ခဲ့ပါသည် .. အိမ်လေးကို လာရောင်လည်ပတ်ကြသူများ စိတ်သုခနဲ့ ပြည့်စုံပြီး ဘ၀မှာ စိတ်အမောပြေကြပါစေ ...
မင်းယုမာန် (အိမ်ရှင်)
Friday, September 30, 2011
ငရဲမြို့တော်သို့ အလည်တစ်ခေါက်
                     “ ငရဲမြို့တော်သို့ အလည်တစ်ခေါက် ”
“  ဟေ့ .. မင်းယုမာန် .. ထစမ်း .. ”
ကျွန်တော် လန့်နိုးသွားတယ် .. မျက်လုံးဖွင့်ကြည့်လိုက်တော့ .. အမယ်လေး .. ဘာကြီးလဲ
“ လန့်တာဗျာ .. ခင်ဗျားက ဘာကြီးလဲ .. လူဖြစ်ပြီး ဂျိုပေါက်နေတာ ခင်ဗျားတစ်ယောက်ပဲရှိတယ် ”
“ ငါ ကလူမဟုတ်ဘူးကွ .. ငရဲသား .. ဒီမှာကြည့် အမြှီးကော ပါသေးတယ် .. တွေ့လား ..
   မင်းငါနဲ့လိုက်ခဲ့ရမယ် .. ယမမင်းကြီးက မင်းကို အရမ်းတွေ့ချင်နေတယ် ..
   မင်းဆီ ဖုန်းခေါ်တော့လဲ .. မအားသေးပါချည်းပဲ .. ယမမင်းကြီး တော်တော်ဒေါသထွက်နေတယ် ”
“ ကျွန်တော့်ဆီ ဖုန်းဆက်ချင်ရင် sms ကြိုပို့ထား .. အပွိုင့်မန့် ကြိုယူထားလို့ ပြောလိုက် ..
   လိုက်ချင်ဘူး .. အိပ်ဦးမယ် .. နောက်မှ လာခေါ် .. ” ကျွန်တော် ပြန်အိပ်လိုက်တယ်
“ ဟေ့ကောင် .. မင်းမလိုက်ရင် ငါ မရ ရအောင် ခေါ်မှာနော် .. ပြီးမှ ငါ့အဆိုးမဆိုနဲ့ ..”
“ ဟေ့ ငရဲသား .. ကျုပ် မလိုက်ဘူးလို့ပြောနေတယ် .. အေး ခင်ဗျားလဲ အတင်းခေါ်မယ်ဆိုရင်လည်း..
  ကျုပ် အဆိုးမဆိုနဲ့ .. ကျုပ်က စိတ်ဖောက်လာရင် ကျားမ ငရဲသား ခွဲခြားတာမဟုတ်ဘူး .. ”
ငရဲသားကြီး တစ်ချက်တွေဝေသွားတယ် .. ပြီးမှ ကျွန်တော် ပြောတာကို ဘယ်လိုသဘောပေါက်သွားလဲမသိ
“ ညီလေးကလဲကွာ .. ငါက ခင်လို့နောက်တာပါ .. လိုက်ခဲ့နော် .. ဟိုမှာ ငရဲမီးလှလှလေးတွေရှိတယ်
  ငရဲမချောချောလေးတွေလဲရှိတယ် .. ပြီးတော့ ငရဲ ပလာဇာ လဲရှိတယ် .. ငရဲ နိုက်ကလပ် လဲ ရှိတယ် ..
  ငရဲ Coffee shop လဲရှိတယ် .. ငရဲ ပန်းခြံဆို လှမှလှ .. နောက်ပြီး .. ငရဲ ကစားကွင်း လဲရှိတယ်
  ငရဲ နှစ်သက်ကူးလဲ ရောက်တော့မှာကွ .. မင်းသဘောကျမှာ သေချာတယ် .. လိုက်ခဲ့ပါနော် ညီလေး ”
သူပြောသလိုဆိုတော့လဲ .. စိတ်ဝင်စားစရာကောင်းသား
“ ကျုပ်ကြားဘူးတာကတော့ ငရဲပြည်က ကြောက်စရာကောင်းတယ် .. ဆီပူဒယ်ပိုင်းထဲ လူကို အရှင်လတ်လတ် ..
 ကြော်တာတို့ .. မသေမချင်း လှံနဲ့ထိုးတာတို့ .. အပြစ်ရှိတဲ့သူတွေကို နည်းမျိုးစုံနဲ့ အပြစ်ပေးတာပဲ ကြားဖူးတယ်
 ခင်ဗျားနဲ့မှ အဲဒါတွေရှိမှန်း သိရတာ .. ကျုပ်ကိုတော့ မလိမ်နဲ့နော် .. လိမ်လို့ကတော့ ခင်ဗျားကို ကြိုးတုပ်ပြီး
 လူ့ပြည်က ပြတိုက်ထဲမှာ ငရဲသား မမြင်ဘူးရင်ကြည့်ကြဆိုပြီး ပြစားလိုက်မယ် .. ဘာမှတ်လဲ .. ”
“ အဲလိုတော့ မလုပ်ပါနဲ့ကွာ .. လူ့ပြည်မှာ ငါက ဂျိုကြီးနဲ့ အမြှီးကလဲပါသေး .. တော်တော်ကြည့်ရဆိုးတယ် .. မလုပ်နဲ့နော် ..
  မင်းပြောတဲ့ နေရာတွေက အကုသိုလ်လုပ်တဲ့သူတွေ မကောင်းတာလုပ်တဲ့သူတွေ အပြစ်ပေးတဲ့နေရာတွေပါကွာ
  ငါတို့ ငရဲသားတွေ သီးသန့်နေတဲ့နေရာက အဲလိုဟုတ်ဘူးကွ ..ခုနက ငါပြောတဲ့ နေရာတွေအကုန်ရှိတယ် ..
  အခု ငါက မင်းကို အဲဒီနေရာကို ခေါ်သွားမှာပါ .. အပြစ်ပေးတဲ့နေရာကို ခေါ်သွားမှာ မဟုတ်ဘူး .. လိုက်ခဲ့နော် ”
“ နေပါဦး .. ကျုပ်ကို ယမမင်းကြီးက ဘာလို့ တွေ့ချင်ရတာလဲ .. ”
“ အော် .. မင်းနဲ့မနေ့ညက အွန်လိုင်းမှာ စကားပြောတဲ့သူလေ .. လူလည်မင်းသားကြီး ဆိုတဲ့သူလေ
  .. အဲဒါ တစ်ခြားသူမဟုတ်ဘူး ယမမင်းကြီးကွ .. ”
“ ဟင် .. ဟုတ်လား .. ယမမင်းကြီးက ချက်တင် သုံးတယ်ပေါ့ .. အံ့ရော .. ”
“ အော် .. အခုလို social network ခေတ်ကြီးမှာ ယမမင်းကြီးလဲ .. လူမှုကွန်ယက်ထဲကို ရောက်နေတာ မဆန်းပါဘူးကွာ
   မနေ့ညက သူနဲ့မင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်း စကားပြောဖြစ်ကြတယ်လေ.. သူက မင်းပြောတာတွေကို
  သဘောကျပြီး သူရဲ့ ငရဲပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းကို မင်းနဲ့ဆွေးနွေးချင်လို့ ငါ့ကို ခေါ်ခိုင်းလိုက်တာ ..
  မင်းကို ရအောင် မခေါ်နိုင်ခဲ့ရင် ငါအလုပ်ပြုတ်မှာ.. ငါ့မှာ ဒီအဆင့်ရောက်ဖို့ တော်တော်ကြိုးစားခဲ့ရတာကွ .. ”
ကျွန်တော် စဉ်းစားတယ် .. ငရဲပြည်ကို အလည်သွားရမှာ .. စိတ်ထဲတော့တစ်မျိုးကြီးပဲ ..
အော် ဘာပဲဖြစ်ဖြစ် .. ရောက်ဖူးတယ်ရှိအောင်တော့ သွားကြည့်လိုက်တာ ကောင်းမယ်ထင်တယ်
“ ကဲ .. ဒါဆိုလဲ လိုက်ခဲ့မယ်ဗျာ .. ကျုပ်တို့က ဘာနဲ့သွားကြမှာလဲ .. ခင်ဗျားမှာ ကားပါလား .. ”
“ ဟ .. ငရဲပြည်ကို ကားနဲ့သွားလို့ရမလားကွ .. မြေတူးပြီးသွားရမှာပေါ့ .. ”
“ ဟင် .. ဒါဆို ကျုပ်တို့က ဘယ်လောက်ကြာအောင် မြေတူးရမှာလဲ ”
“ မပူပါနဲ့ကွာ .. ဒီမှာ လေ .. ” ဆိုပြီး ငရဲသားကြီးက သူ့နောက်ကျောခါးကြားမှာ ထိုးထားတဲ့ ပေါက်ပြားကြီးကို ထုတ်လိုက်တယ်
“ ဒီပေါက်ပြားနဲ့ တူးပြီးသွားမှာပေါ့ကွ .. ငါက တစ်မိနစ်ကို ပေ(၁၀၀၀၀)ထိရောက်အောင် တူးနိုင်တယ်..
  မင်းကို ကြိုးချည်ပြီး ငါနဲ့ အတူ မြေတူးရင်း ခေါ်သွားမယ် .. မကြာပါဘူးကွာ .. ခဏလေးနဲ့ ရောက်မှာပါ .. ”
“ အော် အဲလိုလား .. ကဲ ဒါဆိုလဲ သွားရအောင်ဗျာ”
“ ကဲ .. သေချာကိုင်ထား .. ရယ်ဒီ .. တစ် နှစ် သုံး ”
.....................
“ ရောက်ပြီ .. ဒါ ငါတို့ ငရဲပြည် လမ်းခွဲပဲ ”
လမ်းဆုံတစ်ခုကို ရောက်သွားတာဗျ .. လမ်းနှစ်သွယ်ရှိတယ်
လမ်းညွှန်ဆိုင်းဘုတ်လေးတွေ ထောင်ထားတယ်ဗျ
“ ငရဲမြို့တော်သို့ .. ”  ဆိုတာနဲ့ “ ငရဲအပြစ်ပေးနယ်မြေသို့ .. ”
“ မင်းနဲ့ငါနဲ့သွားရမှာက ငရဲမြို့တော်ကွ .. ဟိုဘက်လမ်းက အပြစ်ရှိတဲ့သူတွေကို ခေါ်သွားတဲ့လမ်း ”
အော် အဲလိုလား .. ငရဲမြို့တော်ကို ရောက်တော့မယ် .. စိတ်လှုပ်ရှားမိတာတော့ အမှန်ပဲ
ငရဲမြို့တော်ကို သွားတဲ့လမ်းမှာ  စစ်ဆေးရေး ဂိတ်တစ်ခုရှိတယ်ဗျ
ဂိတ်ပေါက် ရောက်တော့ စစ်ဆေးရေးမှူးက “ ဟေ့ .. စကားဝှက်ပြော .. ”
ကျွန်တော့်ကို ခေါ်လာတဲ့ ငရဲသားကြီးကစကားဝှက်ပြန်ပြောတယ် .. “ ယောက်ဖကြီး ”
ဂိတ်စောင့်ကြီးက .. “ မှားတယ် .. ခုနကမှ စကားဝှက်ကို ပြင်လိုက်တာ .. ယောက်ဖကြီး မဟုတ်တော့ဘူး .. ခယ်မလေး ဖြစ်သွားပြီ ..
                           သေချာမှတ်ထား .. ရပြီ .. ၀င်တော့ .. ”
ဟင် သူတို့ စကားဝှက်ပြောနေကြတဲ့ပုံက အဆန်းပဲ တစ်ခါမှ မကြားဖူးဘူး
အဲဒါနဲ့ ငရဲသားကြီးနဲ့ ကျွန်တော် ခရီးဆက်ကြတယ် .. ရောက်ပြီဗျ ..
“ ငရဲမြို့တော်မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ” ဆိုတဲ့ မြို့အ၀င် ဆိုင်းဘုတ်ကြီးက အကြီးကြီးပဲ
မြို့အ၀င်လမ်းကြီးကလဲ ထိန်လင်းနေတာပဲ .. မီးခက်မီးလျှံတွေနဲ့ဗျ .. အမယ် တစ်ချို့အိမ်လေးတွေက မီးပုံးလေးတွေနဲ့ ..
ကျွန်တော်တို့လူ့ပြည်က သီတင်းကျွတ်မီးထွန်းပွဲ ကို ရောက်နေတဲ့အတိုင်းပဲ
ငရဲသားကြီးပြောတဲ့အတိုင်းပဲ မြို့ထဲမှာ တော်တော်စည်ကားတာပဲဗျ
“ ကျုပ်တို့ ယမင်းမင်းကြီးဆီ ရောက်ဖို့ လိုသေးလား ”
“ နေဦး ငါတို့ကို လာကြိုမယ့် အစီစဉ်ရှိတယ် .. ငါ ဖုန်းဆက်ပြီး ခေါ်လိုက်ဦးမယ် ” ပြောပြီး သူ့ဟန်းဖုန်းကို ထုတ်ပြီး စကားတွေပြောနေတယ်
“ ခင်ဗျားဖုန်းက GSM လား CDMA လားဗျ .. ”
“ သုံးသိန်းတန် GSM ပါကွာ .. လူ့ပြည်မှာ စချပေးနေပြီလို့ကြားလို့ လူ့ပြည်သွားမယ့် ငါ့သူငယ်ချင်းကို မှာလိုက်တာ ”
“ အေးဗျာ .. ဖုန်းလိုင်းက ငရဲပြည်ထိတောင် မိတယ် .. အံ့ရော .. အံ့ရော ”
“ အော် ယမမင်းကြီးအမိန့်နဲ့ ငါတို့ ငရဲမြို့တော်မှာ တာဝါတစ်ခု ဆောက်လိုက်တယ်လေ .. လိုင်းကတော့ မဆိုးဘူးကွ .. ”
“ ပူလိုက်တာဗျာ .. လာကြိုမယ့်သူတွေ မရောက်သေးဘူးလား .. ”
“ လာတော့မှာပါကွာ .. စိတ်မပူနဲ့ ယမမင်းကြီးရဲ့ ဧည့်ခန်းမှာ မင်းလာရင် အပူသက်သာအောင်လို့ အဲကွန်း တပ်ထားတယ် ”
  တော်သေးတာပေါ့ .. မဟုတ်ရင် တော်တော်နေရခက်မှာ .. အခုတောင် တော်တော်ပူနေပြီ
“ ဟော ..ဟိုမှာ အကြိုတော်အဖွဲ့လာနေပြီ ..” ငရဲသားကြီးက မေးငေါ့ပြတယ်
ကြည့်လိုက်တော့ .. ကျွန်တော်တို့လူ့ပြည်မှာ လန်ချားဆွဲတဲ့သူတွေလိုမျိုး .. ငရဲသားနှစ်ယောက်က လန်ချားတွေဆွဲပြီးလာနေတယ်
“ ဟ .. ဟန်းဖုန်းတွေတော့ ကိုင်နိုင်ပြီး .. ဘယ်နှယ့် သွားလာရေးကျမှ လန်ချားဖြစ်ရတာတုန်း .. ကားတွေဘာတွေမရှိဘူးလား ”
“ အစက ရှိတယ်ကွ .. မကြာသေးခင်ကပဲ မင်းတို့လူ့ပြည်က ကောင်တွေ ဒီရောက်လာပြီး ကားတွေအားလုံးကို လေလံဆွဲသွားတယ်ကွ ”
တောက် .. တော်တော်ဆိုးတဲ့သူတွေပဲ .. ငရဲပြည်ထိအောင် ကားကို လေလံလာဆွဲရတယ်လို့ .. အံ့ရောပဲ
ကျွန်တော်လဲ လန်ချားပေါ်တက်လိုက်တယ် .. လူ့ပြည်မှ တစ်ခါမှ မစီးဖူးတဲ့ လန်ချား ငရဲပြည်ရောက်မှ စီးဖူးတော့တယ်
“ ကဲ ရပီ .. ဆွဲတော့ .. ယမမင်း အိမ်တော်ကိုသွားမယ် ” ငရဲသားကြီး အမိန့်ပေးလိုက်တယ်
................................
ယမမင်းကြီးရဲ့ အိမ်တော်က မိုက်တယ်ဗျ .. ကြီးကျယ်ခမ်းနားတယ်
အိမ်တော်ကြီးရဲ့ရှေ့မှာလဲ .. မီးရှူးမီးပန်းတွေနဲ့ တော်တော်လှပအောင် လုပ်ထားတာပဲ
ဒီလိုနဲ့ ကျွန်တော်လဲ ယမမင်းကြီးရှိရာ .. ဧည့်ခန်းမဆောင်ထဲကို လိုက်သွားတယ်
ခန်းမကြီးထဲလဲရောက်ကော .. အမယ် ယမင်းကြီးက Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေတယ်ဗျ
“ ယမမင်းကြီးခင်ဗျား .. မင်းယုမာန်ဆိုတဲ့သူ ရောက်ပါပြီ .. ” ငရဲသားကြီးက ယမမင်းကြီးကို ပြောလိုက်တယ်
“ အော် .. မင်းယုမာန်ဆိုတဲ့သူက မင်းလားကွ ” ယမမင်းကြီးက ကျွန်တော့်ကို မေးတယ်
“ ဟုတ်ကဲ့ .. ယမမင်းကြီး ”
“ မင်းကွာ ငါ့ဖုန်းနံပါတ်ကိုများ black list လုပ်ထားလားမသိဘူး .. ငါခေါ်လိုက်တိုင်း မအားသေးပါနဲ့ ..
  ဆက်သွယ်မှုဧရိယာပြင်ပ ချည်း အော်နေတာ .. အဲဒါနဲ့ မင်းကို ဒီအထိ ခေါ်ခိုင်းလိုက်ရတာပဲ ”
စကားပြောရင်း ယမမင်းကြီးက အဲကွန်းကို ဖွင့်လိုက်တယ် .. သူ့ကြည့်ရတာ အဲကွန်းကို သိပ်ကြိုက်ပုံမပေါ်ဘူး
အင်းလေ .. သူက ဘယ်ကြိုက်မလဲ .. ငရဲပြည်က ယမမင်းကြီးကိုး
“ ဒီလိုကွ မင်းနဲ့မနေ့ညက အွန်လိုင်းပေါ်မှာဆွေးနွေးတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းကို ..
  ငါအရမ်းစိတ်ဝင်စားတယ် ..  ငါလဲ ငရဲပြည်အတွက် ငရဲပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ရမယ် ..
  အဲဒါ .. မင်းနဲ့တိုင်ပင် ဆွေးနွေးချင်လို့ ခေါ်ခိုင်းလိုက်တာ ”
“ ဟေ့ .. ငရဲမလေးတွေ ဧည့်သည်ကြီးအတွက် ငရဲမီးဝိုင်လေး လာချစမ်းဟေ့ ” ယမမင်းကြီး အမိန့်ပေးလိုက်တယ်
အမယ် .. ငရဲမလေးတွေ အခန်းထဲကို တန်းစီပြီး ၀ိုင်ပုလင်းလေးကိုင်တဲ့သူကိုင် ..ခွက်လေးတွေ ကိုင်တဲ့သူက ကိုင်နဲ့
ဆင်မယဉ်သာ ခြေလှမ်းလေးတွေနဲ့ ၀င်လာတယ်ဗျ ..
ငရဲမလေးတွေရဲ့ ဂျိုကြတော့ .. သေးသေးလေးတွေဗျ .. ဂျိုလေးတွေမှာ အစွပ်လှလှလေးတွေ စွပ်ထားကြတယ်
ကျွန်တော်တို့ လူ့ပြည်က ကောင်မလေးတွေ နားကပ်ပန်သလိုပေါ့
နောက်ပြီး သူတို့ရဲ့ အမြှီးလေးတွေမှာ ချူ လေးတွေ တပ်ထားသေးတယ်ဗျ
လမ်းလျှောက်လိုက်တိုင်း ချလွမ် ချလွမ် ဆိုတဲ့ ချူ သံလေးတွေနဲ့ ..
အသားရောင်တွေက နီနီရဲရဲလေးတွေ .. သူတို့ကိုကြည့်ရတာ ငရဲမြို့တော်က ငရဲမော်ဒယ်မလေးတွေ ထင်တယ်
“ သောက်ကွာ .. ငရဲမီးဝိုင်နှစ်ချို့ကွ .. မင်းအတွက် အထူးစီစဉ်ပေးထားတာ ”
ကျွန်တော် သောက်ကြည့်လိုက်တယ် .. အမယ် မဆိုးဘူးဗျ .. ရှတတလေးနဲ့ ရင်ထဲကို ပူဆင်းသွားတာပဲ
မဆိုးဘူး .. အပြန်ကျမှ တစ်ပုလင်းလောက် လက်ဆောင် တောင်းသွားရမယ်
..................................
ဒီလိုနဲ့ ကျွန်တော်နဲ့ ယမမင်းကြီးတော့ ငရဲပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းကို ဆွေးနွေးတိုင်ပင်ကြတယ်
ယမမင်းကြီးက သူရဲ့ ငရဲမြို့တော် ပတ်ဝန်းကျင်မှာ ဘယ်လိုတွေဖြစ်နေတယ် ..ဘာတွေရှိတယ် စသဖြင့်
ကျွန်တော်တို့ တော်တော်ကြာ ဆွေးနွေးကြတယ် 
(ဘာတွေဆွေးနွေးလဲဆိုတာတော့ ရေးတော့ဘူးနော် .. စာအရမ်းရှည်သွားရင် အက်မက်တွေ အမြင်ကပ်မှာစိုးလို့ )
ယမမင်းကြီးက ကျွန်တော်နဲ့ဆွေးနွေးရတာကို တော်တော်သဘောကျသွားပြီး ..
ကျွန်တော့်ကို hell pass ကဒ်လေးတစ်ခု လက်ဆောင်ပေးတယ်
“ ဒီ hell pass ကဒ်ကိုပြပြီး ငရဲမြို့တော်မှာ မင်းကြိုက်တာလုပ်လို့ရတယ် .. မင်းကို ဘယ်သူမှ မနှောင့်ယှက်ဘူး စိတ်ချ ”
အဟ .. ပိုင်သကွ .. hell pass ကဒ်တဲ့ ..ကဒ်ပေါ်မှာလဲ ယမမင်းကြီးရဲ့ လက်မှတ်လဲပါတယ်
ဒီကဒ်နဲ့ ငရဲမြို့တော်ကို စိတ်ကြိုက် မွှေလိုက်ဦးမယ်
“ ငရဲမြို့တော်မှာ မင်းပျော်သလောက်နေကွာ .. မင်းနဲ့အတူ ငရဲ bodyguard တွေလဲ ထည့်ပေးလိုက်မယ် ..
  မင်းပြန်ချင်တဲ့အချိန်ကျရင် ငါ့ကိုပြော .. ပြန်ပို့ပေးမယ် ..  ကဲ .. ငါလဲ ပင်ပန်းသွားပြီ ..
  ဒီနေ့က super sunday ကွ .. ဘောလုံးပွဲကောင်းတယ် .. သွားကြည့်လိုက်ဦးမယ် ” ပြောပြီး ယမမင်းကြီး ဧည့်ခန်းထဲကနေ ထွက်သွားတယ်
ကျွန်တော်လဲ ယမမင်းကြီးပေးတဲ့ hell pass ကဒ်ကို ကိုင်ပြီး ငရဲမြို့တော် ကိုလျှောက်လည်တယ်
အစုံပဲဗျာ .. ငရဲသားကြီး ပြောခဲ့တဲ့ .. ငရဲ ပန်းခြံတို့ .. ငရဲ နိုင်ကလပ်တို့ .. ငရဲကစားကွင်းတို့ ..
ငရဲနှစ်သစ်ကူးကိုတောင် ငရဲသားတွေနဲ့အတူ ပါဝင်ဆင်နွှဲလိုက်သေးတယ်
“ Happy hell new year ” လို့တောင် အော်ခဲ့ရသေးဗျာ
.......................................
ဒီလိုနဲ့ ကျွန်တော် (၃)ရက်လောက် ငရဲမြို့တော်မှာ လျှောက်လည်ခဲ့တယ်
အကြာကြီးတော့ နေရဲဘူးဗျ .. သူတို့က မပြန်ပါနဲ့တော့ ပြောရင် ဒုက္ခ
အဲဒါနဲ့ (၃)ရက်မြောက်တဲ့နေ့မှာ ငရဲမြို့တော်က ပေးလိုက်တဲ့ လက်ဆောင်တွေ တပွေ့တပိုက်ကြီးနဲ့ ..
လူ့ပြည်ကို ပြန်လာခဲ့တယ်ဗျာ
ငရဲမြို့တော်ကနေ ပြန်ထွက်လာတော့ .. အထွက် ဆိုင်းဘုတ်ကြီးမှာ ရေးထားတာက ..
“ ငရဲမြို့တော်မှ နှုတ်မဆက်ချင် ဆက်ချင်ဖြင့် နှုတ်ခွန်း ဆက်သပါ၏ ” တဲ့
အမယ်လေး .. သူ နှုတ်ဆက်ပုံကြီးကလဲ .. ပြန်လာခိုင်းနေသလိုပဲ
ကျွန်တော့်ကို ငရဲမြို့တော်ဆီ ခေါ်သွားတဲ့ ငရဲသားကြီးကပဲ လူ့ပြည်ကို ပြန်လိုက်ပို့တယ်
လူ့ပြည်ကိုလဲ ရောက်ရော .. ငရဲသားကြီးက စပ်ဖြီးဖြီးနဲ့ ... ဘာပြောလဲမှတ်တယ်
“ ညီလေး မင်းယုမာန် .. မင်းရဲ့ hell pass ကဒ်လေး ငါ့ကို ခဏလောက် ငှားပါလားကွာ ” တဲ့
...................
                                             မင်းယုမာန် ( 20.9.2011 / 12:25 am )
လင်္ကာသီတဲ့ ညတစ်ည
                                    “ လင်္ကာသီတဲ့ ညတစ်ည ”
ကောင်မလေး :  “ ဟဲ့ နင်သိလား .. ငါတို့မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတာကြာပေမယ့် ..
                        ခုချိန်ထိ လွတ်လပ်ရေးမရသေးတဲ့သူ တစ်ယောက်ရှိတယ် ဟ . .ဘယ်သူလဲ နင်သိလား ”
ကောင်လေး :    “ ဟင် ဘယ်သူမှ မရှိနိုင်ပါဘူး .. ငါတို့နိုင်ငံ လွတ်လပ်ရေးရခဲ့တာ ကြာလှပြီ .. ”
ကောင်မလေး :  “ ခစ် ခစ် .. ရှိတယ်ဟ .. မင်းသား ဦးသီဟတင်စိုးလေ ..
                        သူက ခုချိန်ထိ  အင်္ဂလိပ်တွေ ဂျပန်တွေကို တော်လှန်ရေး လုပ်နေတုန်းပဲဟ ”
ကောင်လေး :    “ ဟာ.. နင်ကတော့ လုပ်ပြီ .. ”
..........................
ကောင်လေး :    “ ဟဲ့ .. နင်ကြားပြီးပြီလား .. အင်္ဂါဂြိုလ်ပေါ်မှာ ရေ ရှိနိုင်မယ့် အခြေနေတွေ ပြနေတယ်တဲ့
                        နောက်ဆို .. ငါတို့လူသားတွေ အင်္ဂါဂြိုလ်ပေါ်မှာ နေထိုင်လို့ ရလောက်တယ် ”
ကောင်မလေး :  “ အေး .. ငါလဲကြားတယ်ဟ .. ဒါပေမဲ့ ငါတော့ နေချင်ပါဘူး ”
ကောင်လေး :    “ ဘာလို့လဲဟ .. ငါကတော့ သွားနေကြည့်ချင်တယ် ”
ကောင်မလေး :  “ နင်ကလဲ .. အင်္ဂါဂြိုလ်ပါဆိုနေမှ .. အင်္ဂါတစ်ရက်တည်းရှိမှာပေါ့ .. ကျန်တဲ့ နေ့ရက်တွေမရှိတော့ ..
                        ပျင်းစရာကြီး နေချင်ပါဘူးဟာ”
ကောင်လေး :    “ အဲ .. နင်ပြောလိုက်မှဖြင့် .. ပေါက်ကရတွေချည်းပဲ ”
ကောင်မလေး :  “ ခစ် ခစ် ”
...........................
ကောင်မလေး :  “ နင်  သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်း သတိလက်လွတ်ဖြစ်သွားတဲ့အကြောင်း ဖတ်ဖူးလား ”
ကောင်လေး   :  “ ဖတ်ဖူးဘူး ..  ပြောပါဦး ..”
ကောင်မလေး :  “ ဒီလိုဟ .. သူ့အိမ်မှာ ကြောင်သေးသေးလေးတစ်ကောင်နဲ့ ကြောင်အကြီးကြီးတစ်ကောင်မွေးထားတယ်ဟ
                        ကြောင်တွေက အစာစားချင်ရင် သူ့ကို အစာတောင်းဖို့ သူ့အခန်းထဲ ၀င်ဖို့ကြိုးစားတယ်ဟ ..
                        သူ့အခန်းတံခါးက လော့ချထားတော့ ကြောင်တွေက တညောင်ညောင်နဲ့ အပြင်ကနေ အော်နေတာပေါ့
                        အဲဒါနဲ့ အိုင်းစတိုင်း က သူ့ကြောင်တွေကို အခန်းထဲမှာ အစောခေါ်ကြွေးချင်တာနဲ့
                        နောက်ဆို ကြောင်တွေ အ၀င်အထွက် အဆင်ပြေအောင်ဆိုပြီး တံခါးအောက်မှာ အပေါက်ဖောက်ပေးတယ်
                        ကြောင်အကြီးကြီးဝင်လို့ရမယ့်အပေါက်နဲ့ .. ကြောင်သေးသေးလေး ၀င်လို့ရမယ့်အပေါက်ဆိုပြီး
                       နှစ်ပေါက် ဖောက်ပေးလိုက်တယ်ဟ .. ခစ် ခစ် ”
ကောင်လေး  :   “ ဟဲ့ ဘာရီတာလဲ .. ဘာရီစရာပါလို့လဲ .. သူ့ကြောင်တွေအတွက် အပေါက်ဖောက်ပေးတာလေ အဲဒါဘာဖြစ်လဲ ”
ကောင်မလေး :  “ ဟယ် နင်လဲ အိုင်းစတိုင်း လိုပါလား .. နင်စဉ်းစားကြည့်လေ ..
                       အပေါက်အကြီးကြီး တစ်ပေါက်ထဲဖောက်ရင် ရပြီလေ ”
ကောင်လေး  :   “ အဲ .. ဟုတ်သားပဲ .. ”
............................
ကောင်လေး :    “ ဟဲ့ နင့်မှာ ရည်းစားရှိလား .. ”
ကောင်မလေး :  “ ရှိသေးဘူးဟ .. ဘာလို့မေးတာလဲ .. ”
ကောင်လေး :   “ အော် .. ဒါဆို နင်ပထမဆုံး အနမ်းခံရတဲ့ အနမ်းဦး ဖီလင်လေးကို မသိသေးဘူးပေါ့ ”
ကောင်မလေး : “ ပထမဆုံးအနမ်း ဟုတ်လား .. ဖီလင်လေးက အရမ်းချစ်စရာကောင်းတယ်
                      ငါ တပြိုင်တည်း နှစ်ခါတောင် အနမ်းခံလိုက်ရတာ ”
ကောင်လေး :   “ ဟာ .. နင် ရည်းစားမထားဖူးပဲ ..ဘယ်လိုလုပ် သိတာလဲ .. ”
ကောင်မလေး : “ ခစ် ခစ် ..  ငါ့ဖေဖေနဲ့ မေမေပေါ့ ငါ့ပါးကို တစ်ပြိုင်တည်း လာနမ်းတာလေ . အဲဒါ ငါ့အတွက် အနမ်းဦးပဲ ”
ကောင်လေး :   “ ဟင်း ... ”
............................
ကောင်မလေး : “ နင် ဆေးလိပ်သောက်တတ်လား ”
ကောင်လေး :   “ အေး သောက်တတ်တယ် .. တစ်ခါတစ်လေ သောက်တယ် .. ဘာဖြစ်လို့လဲ ”
ကောင်မလေး : “ အမြဲတမ်းကြီးတော့ မသောက်နဲ့ဟာ .. ကျန်းမာရေးအတွက် သတိပေးတာပါ ”
ကောင်လေး :   “ အေးပါ .. ငါလဲ တစ်ခါတစ်လေမှ သောက်ဖြစ်တာပါ ”
ကောင်မလေး : “ အော် .. နင်ဆေးလိပ်သောက်တတ်ရင် နင့်ကို အကူညီတစ်ခုလောက် တောင်းချင်လို့ပါ ”
ကောင်လေး :   “ ဟင် .. ငါက ဘယ်လို ကူညီရမှာလဲ .. ”
ကောင်မလေး : “ ငါ့အိမ်ခေါ်မိုးပေါ်ကို နင်လာနေပေးနိုင်မလားလို့ပါ ”
ကောင်လေး :   “ ဟင် .. ငါဆေးလိပ်သောက်တတ်တာနဲ့ ဘာကိစ္စ နင့်အိမ်ခေါင်မိုးပေါ်ကို လာနေရမှာတုန်း ”
ကောင်မလေး : “ ခစ် ခစ် .. ငါ့ အိမ်ခေါင်မိုးပေါ်မှာ နင့်ကို မီးခိုးခေါင်းတောင်ကြီးအဖြစ် ထောင်ထားချင်လို့ ”
ကောင်လေး :   “ အာ ... နင်နော် .. ဟင်း ... ”
.............................
ကောင်မလေး :  “ ဟဲ့ ငါကဗျာတစ်ပုဒ်ရေးထားတယ်ဟ .. နင်ဖတ်ကြည့်မလား ”
ကောင်လေး :    “ အမယ် .. နင်က ကဗျာတွေဘာတွေ ရေးတတ်တယ်ပေါ့ .. ပြပါဦး နင့်ကဗျာ ကို ”
ကောင်မလေး :  “အေး .. ငါတကယ်ခံစားပြီး ရေးထားတာဟ .. ဖတ်ကြည့်နော် ”
                      “ တစ်ချိန်က  .. ငါခိုင်းတာလုပ် .. ငါလာဆိုလာ .. ငါသွားဆိုသွား .. ငါ့အပါး နင်အမြဲခစား
                        အခုတော့ .. ငါခေါ်လဲမလာ .. ငါခိုင်းလဲ မလုပ် .. ငါ့အနားမှာ .. နင်ဟာ ကျောက်ရုပ်
                        အပြောင်းလဲမြန် .. နင့်ပုံသဏ္ဍန် .. ငါ ရှေ့ဆက် ဘယ်လိုနည်းနဲ့မှ သည်းမခံ
                        သို့ပေမယ့်လည်း .. နင့်အချစ် .. နင့်ဘ၀ ငါဝင်ပြီး ဆုံးဖြတ်လို့မရ ..
                        ဒီတော့ .. နင်နဲ့ငါက မြင်သာမြင်ရ မကြင်ရ .. 
                        အော် ...ဆိုးဝါးလိုက်တဲ့ ငါ့ဘ၀  ”
ကောင်လေး :  “ နင့်ကဗျာအတိုင်းဆို .. ကောင်လေးက ကောင်မလေးကို မချစ်တော့လို့
                      ကောင်မလေးက ခံစားနေရတာပေါ့ ဟုတ်လား ”
ကောင်မလေး : “ ခစ် ခစ် .. ကောင်လေးဟုတ်ဘူးဟ .. ကြောင်လေး ကြောင်လေး .. ငါ့မွေးထားတဲ့ ကြောင်လေးကိုကြည့်ပြီး ..
                      ရေးထားတာ .. သူက အခုချစ်သူရနေပြီလေ .. အရင်လို ငါ့အနားမှာ အမြဲမနေတော့ဘူး ..
                      သူ့ကြောင်မ အနားပဲသွားနေတာ .. အဲဒါ အမြင်ကပ်လို့ သူ့အကြောင်း ကဗျာစပ်ထားတာ ”
ကောင်လေး   :  “ အော် .. လေးစားပါတယ် မယ်မင်းကြီးမရယ် ”
ကောင်မလေး :  “ ခစ် ခစ် ... ”
..............................
ကောင်မလေး :  “ မနေ့ညက ငါ မက်တဲ့ အိပ်မက်အကြောင်း နင့်ကိုပြောပြမယ် ”
ကောင်လေး :    “ အေး .. ပြောပြလေ .. ”                     
ကောင်မလေး :  “ အိပ်မက်ထဲမှာလေ .. ငါက တောင်ကြီးတစ်တောင်ပေါ် ခက်ခက်ခဲခဲတက်ခဲ့တယ်
                        တောင်ပေါ်လဲရောက်ကော .. ရတနာသိုက်မြေပုံ စာရွက်ကို ငါရလိုက်တယ်ဟ
                        ရတနာသိုက်မြေပုံကလဲ ရှင်းရှင်းလေး .. မြေပုံစာရွက်ကိုလဲ ငါကောက်ကြည့်လိုက်ရော ..
                        စာရွက်ထဲမှာ အောက်ဘက်ကို ညွှန်ပြတဲ့ မြှားခေါင်းလေးရဲ့ အပေါ်မှာ စာတစ်ကြောင်းပဲရေးထားတယ်
                        ဒီအောက်တည့်တည့်မှာ ရတနာသိုက်ရှိတယ် တဲ့ .. ခစ် ခစ် ”
ကောင်လေး :    “ နင်နော် .. ပြောရင်း ဖောက်လာပြီ .. ရတနာသိုက်မြေပုံဆိုလို့ .. ဆွဲထားတာ ရှုပ်ထွေးနေမယ်မှတ်တာ ”
ကောင်မလေး :  “  ဆက်နားထောင်ဦး .. အဲဒါနဲ့ ငါလည်း တူးတာပေါ့ဟ .. တွေ့တယ်ဟ သိလား ”
ကောင်လေး :    “ ရတနာတွေ အများကြီး တွေ့လိုက်တယ်ပေါ့ ဟုတ်လား ”
ကောင်မလေး :  “ အေးပေါ့ဟ .. ရတနာတွေမှ အများကြီးပဲ .. ငါ့တွေ့ပဲတွေ့လိုက်တာ .. မရလိုက်ဘူး ”
ကောင်လေး :    “ ဟင် ဘာဖြစ်လို့ မရတာလဲ .. ရတနာတွေကို နင်တွေ့နေပြီလေ .. မယူလိုက်ဘူးလား ”
ကောင်မလေး :  “ အေး ယူမလို့ပဲ .. လာထားကွ ဆိုပြီး ယူမယ်လဲလုပ်ကော .. ငါ လန့်နိုးသွားတယ်ဟယ် ”
ကောင်လေး :    “ ဟင် နင့်အိပ်မက်ကလဲ မမိုက်ပါဘူး .. ရခံနီးမှ ... ”
ကောင်မလေး :  “ အေးဟာ .. ငါလဲ ရတနာတွေ ပြန်ရမလားဆိုပြီး ပြန်အိပ်ကြည့်သေးတယ် ..
                        အိပ်မက်က ပြန်မမက်တော့ဘူးဟ  .. ခစ် ခစ် .. ”
...................................
ကောင်လေး :    “ နင့်ကိုမေးမလို့ .. နင်အကြိုက်ဆုံးပန်းက .. ”
ကောင်မလေး :  “ သပြေပန်း ”
ကောင်လေး :    “ ဟင် နင်ကလဲ . .နှင်းဆီတို့ စံပယ် တို့ မကြိုက်ဘူးလား မိန်းကလေးဖြစ်ပြီးတော့ .. ”
ကောင်မလေး :  “ အော် .. နင်ကလဲ .. သပြေပန်းက လူပန်တဲ့ပန်းမဟုတ်ဘူး ဘုရားတင်တဲ့ပန်းလေ ..
                       ပန်းတွေအားလုံးထက် မြင့်မြတ်တယ် .. အဲဒါကြောင့် ငါ သဘောကျတာ .. ”
ကောင်လေး :    “ နင်အကြိုက်ဆုံ အရောင် .. ”
ကောင်မလေး :  “ အဖြူရောင် ရင့်ရင့်လေး ”
ကောင်လေး :    “ အဖြူရောင်လို့ပြောလဲ ရရဲ့သားနဲ့ .. အဖြူ ရင့်ရင့်လဲ အဖြူရောင်ပဲ ဟာကို .. ”
ကောင်မလေး :  “ ခစ် ခစ် .. ”
ကောင်လေး :    “ နင် အကြိုက်ဆုံး အစားအစာက ... ”
ကောင်မလေး :  “ စားလို့ကောင်းတာ  ”
ကောင်လေး :    “ နင်အကြိုက်ဆုံး ဆောင်ပုဒ် .. ”
ကောင်မလေး :  “  အားနာလို့ လိုက်လျောတာကို အ တယ်လို့ မထင်ပါနဲ့ ”
ကောင်လေး :    “ နင့်ဆောင်ပုဒ်က မိန်းကလေးတွေ အတွက် တော်တော်အသုံးတည့်တယ်နော် ”
ကောင်မလေး :  “ ဒါပေါ့ .. ဒါပေါ့ .. ခစ် ခစ် ”
...................................
ကောင်မလေး :  “ ငါအိပ်တော့မယ်ဟာ .. နင်နဲ့စကားပြောရတာ တကယ်ပျော်ပါတယ် ..”
ကောင်လေး :    “ အေး နင်ပျော်မှန်းသိပါတယ် .. တ ခစ် ခစ် နဲ့ .. မပြောလိုက်ချင်ဘူး ”
ကောင်မလေး :  “ ခစ် ခစ် .. ”
ကောင်လေး :    “ နင် မနက်ဖြန် online ပေါ် လာဦးမှာလား .. နင်လာမယ်ဆိုရင် ငါစောင့်နေမယ် ”
ကောင်မလေး :  “ မပြောတတ်ဘူး ... ငါက မနက်ဖြန်ကိစ္စကို ဒီနေ့ မစဉ်းစားဘူး ”
ကောင်လေး :    “ အေးပါ .. ငါလဲ နင်နဲ့စကားပြောရတာ တကယ်ပျော်တယ် ..
                       ငါတို့ ပြန်တွေ့မယ့်နေ့ကြရင် .. ပြန်တွေ့ကြတာပေါ့ .. ”
ကောင်မလေး :  “ ဟိဟိ .. နင်မဆိုးဘူး .. ငါ့လို ပြောတတ်လာပြီ ”
ကောင်လေး :    “ အဟဲ .. နင့်လို ပြောကြည့်တာပါ .. ”
ကောင်မလေး :  “ နင်လဲ အိပ်တော့နော် .. မိုးချုပ်နေပြီ ”
ကောင်လေး :    “ အင်း .. ငါလဲ အိပ်တော့မယ် ”
ကောင်မလေး :  “ ဒီလိုလုပ် .. နင်နဲ့ငါ အတူတူ sign out လုပ်မယ် .. တစ် နှစ် သုံး ရေမယ်
                       သုံး .. ဆိုတာနဲ့ sign out ကို ပြိုင်တူလုပ်ကြမယ် .. ဘယ်လိုလဲ  ”
ကောင်လေး :    “ ကောင်းပြီလေ .. goodnight နော် .. ရတနာသိုက် အိပ်မက်လေး ပြန်မက်ပါစေ .. ”
ကောင်မလေး :  “ ပြန်မက်လို့ ရတနာတွေရရင် နင့်ကို တစ်ဝက်ပေးမယ်နော် .. ခစ် ခစ် ..
                       goodnight ပါ .. မလှပတဲ့အိပ်မက်တွေမှ ကင်းဝေးပါစေ . ”
ကောင်လေး :    “ တစ် ”
ကောင်မလေး :  “ တစ် ”
ကောင်လေး :    “ နှစ် ”
ကောင်မလေး :  “ နှစ် ”
ကောင်လေး :    “ သုံး ”
ကောင်မလေး :  “ သုံး ”
......................................
ကောင်လေးအတွေး :   “ ဟာ .. ငါ သူ့နာမည်လေးတောင် မမေးလိုက်မိဘူး .. ငါညံ့တယ် ကောင်မလေးရယ် ”
ကောင်မလေးအတွေး : “ သူ့နာမည်မေးဖို့တောင် မေ့သွားတယ် ..
                                ကောင်လေးရယ် နင်ပြောသလိုပဲ .. ပြန်တွေ့မယ့်နေ့ကြရင်  ပြန်တွေ့ကြတာပေါ့ ”
.................................
                                                မင်းယုမာန် .. (17.9.2011 / 11:55 pm )
Story of an Apple (ပန်းသီးတစ်လုံးရဲ့ ရာဇ၀င်)
                                      " Story of an Apple "
                                  “ ပန်းသီးတစ်လုံးရဲ့ ရာဇ၀င် ”
  ဧဒင်ဥယျာဉ်ကြီးထဲမှာ တစ်ပင်တည်းပေါက်နေတဲ့ ပန်းသီးပင်ကြီးကနေ ..
  တစ်လုံးတည်းသီးနေတဲ့ .. ပန်းသီးတစ်လုံး  .. လေမတိုက်ပဲ ကြွေကျလိုက်တယ်
  ပန်းသီးကြွေသွားတာကို ကျွန်တော်မြင်လိုက်တော့ .. ပြေးကောက်တာပေါ့
  ကျွန်တော်လဲ ပန်းသီးကို ကောက်လိုက်တဲ့အချိန် ...
  “ဟေ့ .. ဘာလုပ်တာလဲ .. အဲဒါ ငါ့ပန်းသီး မယူနဲ့ ” ပန်းသီးပင်ကြီးနောက်ကနေ အသံတစ်ခုထွက်လာတယ်
   လူတော့မမြင်ရဘူး ..
   ကျွန်တော် ပြန်ပြောလိုက်တယ် ..
   “အပင်ကနေ ကြွေကျလာတာလေ .. ဘယ်လိုလုပ် နင့်ပန်းသီးဖြစ်မှာလဲ ”
  “ဒီပန်းသီးကြွေကျမယ့်အချိန်ကို ငါစောင့်နေတာကြာပြီ .. မကြွေကျသေးလို့စိတ်ညစ်နေတာ ..
    အခု ကြွေကျလာတော့ ဒီပန်းသီးက ငါ့ပန်းသီးပေါ့ ” ဆိုပြီး အပင်နောက်ကနေ .. ကောင်မလေးတစ်ယောက်ထွက်လာတယ်
   ဟင် ဘယ်လိုကြီးလဲ .. ဘာပဲဖြစ်ဖြစ် ပန်းသီးက ကျွန်တော့်လက်ထဲမှာလေ .. ဒီလိုတော့ ဘယ်ရမလဲ
 “ ဟုတ်လား .. နေဦး ပန်းသီးမှာ နင့်နာမည်ပါလားမသိဘူး ငါကြည့်လိုက်ဦးမယ် ” လို့ ပြန်ပြောလိုက်တယ်
 “ ပန်းသီးမှာတော့ နာမည်ပါမလားဟဲ့ .. မရဘူး .. ဒီပန်းသီးကို စားချင်လွန်းလို့ နေ့တိုင်း အပင်အောက်မှာ
     လာပြီး စောင့်နေရတာ .. ပေး အခုပေး .. ငါ့ပန်းသီးပြန်ပေး ” တော်တော်စွာတဲ့ ကောင်မလေးဗျ ..
“ ဟာ .. နင်ဒီလောက်တောင်စားချင်နေရင် မနေ့ကတည်းက ဒီပန်းသီးကို ခူးပြီး စားလိုက်တော့ပေါ့ ..   ခုမှလာပြီး သူ့ဟာလုပ်နေတယ် ” ..
“ မခူးရက်လို့ပေါ့ဟဲ့ ..ပန်းသီးပင်ကြီးမှာ ဒီတစ်သီးပဲရှိတာ .. သူ့အလှက ဒီအသီးလေးကြောင့် ပိုပြီးပြည့်စုံနေတာ ..
  အဲဒါကြောင့်  မခူးရက်လို့ ကြွေအကျကို စောင့်နေတာ ” .. နှုတ်ခမ်းလေးဆူပြီး ကောင်မလေး ကျွန်တော့်ကို ရန်တွေ့ပါတယ်
 “ ဘာလို့ပေးရမှာလဲ .. ဦးတဲ့သူ ယူကြေးပဲ .. ပေးဘူး .. နင်စားချင်ရင် နောက်တစ်လုံးသီးတဲ့အထိစောင့်ပေါ့ ” လို့ပြောပြီး ..ကျွန်တော် ထွက်လာလိုက်တယ် ..
“ နေဦး ” ကောင်မလေးက အော်ပြောလိုက်တယ် “ အဲဒီပန်းသီး ငါ့ကိုပြန်ရောင်း .. ဘယ်လောက်နဲ့ရောင်းမလဲ ” .. ပြောပုံက အပေါ်စီးကနေ .. ဒါမျိုးတော့ ဘယ်ရမလဲ
“ ငါရောင်းမယ့်ဈေးနဲ့ နင်မ၀ယ်နိုင်ပါဘူး ” ..
“ ပြောစမ်းပါ .. နင်ဘယ်လောက်လိုချင်လို့လဲ .. ” ကောင်မလေး တော်တော်စိတ်ဆိုးနေတဲ့ပုံပဲ
 “ ငါက ပိုက်ဆံနဲ့ရောင်းချင်တာမဟုတ်ဘူး .. ဒီလိုလုပ် တကယ်လို့ နင် ငါမေးတဲ့မေးခွန်း(၃)ခုကို ဖြေနိုင်ခဲ့ရင် ..
 ဒီပန်းသီး နင့်ကိုပေးလိုက်မယ် .. ” အမှန်တော့ ကျွန်တော် ဘာမေးရမှန်းမသိပါဘူး .. သူ့ကိုအမြင်ကပ်လို့ ..
ပြောမိပြောရာ ပြောလိုက်တာပါ “ ဒါဆိုမေး .. ငါ ရအောင်ဖြေမယ် ” ကောင်မလေးက သူ့ကိုယ်သူ တော်တော်ယုံကြည်ချက်ရှိတဲ့ပုံပဲ
တကယ်တမ်း မေးရတော့မယ်ဆိုတော့ .. ကျွန်တော် အမြန်စဉ်းစားရတယ် ..
သူ့ပုံစံက ဥာဏ်ကောင်းမယ့်ပုံပဲ .. ယုံကြည့်ချက်လဲရှိတယ်
ကျွန်တော် ပထမဆုံး မေးခွန်းကို မေးလိုက်တယ်
 “ လူ့တန်ဖိုး ဆိုတာကို နင်ဘယ်လိုနားလည်လဲ .. ” ခပ်တည်တည်နဲ့မေးလိုက်တာပဲ
    စွာကျယ်မလေး မဖြေနိုင်ပါစေနဲ့ ..
ကောင်မလေးက ပြုံးလိုက်ပြီး ..  “ လူတစ်ယောက်က လောကမှာ တန်ဖိုးရှိအောင် နေထိုင်ရမယ် ..
    အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရမယ် ..
    ရည်ရွယ်ချက်ထားပြီး မျှော်လင့်ချက်နဲ့ ဘ၀ခရီးကို လျှောက်လှမ်းတတ်ရမယ်
    ကိုယ့်အသိဥာဏ်ကို ကောင်းစွာ အသုံးချတတ်ရမယ် ..
    ဘယ်အရာကိုမဆို မဆုံးဖြတ်ခင် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်ရမယ်
    လူ့ပတ်ဝန်းကျင်ကို ထိခိုင်နစ်နာစေတဲ့ လုပ်ရပ်မျိုး မလုပ်မိအောင် သတိထားရမယ်
    ကိုယ့်ကိုကိုယ် တန်ဖိုးထားမှ .. သူတစ်ပါးကလဲ ကိုယ့်ကိုပြန်ပြီး တန်ဖိုးထားမှာ ..
    နောက်ပြီး ...... ”
“ တော်တော့ .. ရပြီ .. ဆက်မပြောနဲ့တော့ .. ဒီလောက်ဆို နင့်အဖြေလုံလောက်ပြီ ” ကျွန်တော်တားလိုက်တယ် “ ဟင် .. အများကြီးကျန်သေးတယ် .. ဆက်ပြောရဦးမလား ” .. စွာကျယ်မလေးမဲ့ပြုံးပြုံးပြီး ပြန်ပြောလိုက်တယ်
သေဟ ငါကိုယ်က မမေးတတ်တာပါလား .. ခံရခက်လိုက်တာ .. ဒါပေမဲ့ ဘာရမလဲ ခပ်တည်တည်ပဲ “ အဲလောက်ဆို ငါ့မေးခွန်းကို နင်ဖြေနိုင်မှန်း သိတယ် .. ငါနားငြီးမခံချင်လို့ .. ရပြီ ဆက်မပြောနဲ့တော့ ”
“ ဟွန်း ” ဆိုပြီး ကောင်မလေး ကျွန်တော့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်တယ်
 အားပါး .. တော်တော်လှတဲ့ မျက်စောင်းလေးလို့ .. ကျွန်တော် အသိမှတ်ပြုလိုက်တယ်
 “ ကဲ .. ဒါဆိုလဲ ဒုတိယမေးခွန်း မြန်မြန်မေး .. ” စိတ်မရှည်တဲ့ လေသံနဲ့ ကျွန်တော့်ကိုပြောတယ်
ကျွန်တော် ဘာမေးရမလဲ .. အမြန်စဉ်းစားရပြန်ရော .. သိပြီ .. တွေ့ကြသေးတာပေါ့
“ ငါပြောတဲ့ ခေါင်းစဉ်ကို နင်ကဗျာ စပ်ပြရမယ် .. နင့်ကဗျာကို ငါသဘောကျရင် ဒုတိယမေးခွန်း နင်အောင်တယ် ”
ဒီကောင်မလေးပုံက ကဗျာတွေဘာတွေ ခံစားတတ်မယ့်ပုံမပေါ်လို့ တမင်မေးလိုက်တာ .. ပိုင်တယ်မလား
“ ပြော .. နင့်ခေါင်းစဉ်ကို .. ငါ ရအောင် ကဗျာစပ်ပြမယ် ” .. ကောင်မလေးက ခုနက မျက်စောင်းလေးနဲ့ပဲ ပြောလိုက်တယ်
ကျွန်တော် ခေါင်းစဉ်တပ်လိုက်ပြီ .. “ အလွမ်း ” .. ကဲ စပ်ပေတော့ .. စွာကျယ်မလေးရေ ..
 စွာကျယ်မလေးက ခဏလောက် စဉ်းစားလိုက်တယ် ..                                                               ပြီးတော့ တစ်လုံးခြင်း ပီပီသသနဲ့ “ အလွမ်း ” ကိုကဗျာစပ်တယ်
                                               “ အလွမ်း ”
                                   ဆွံ့အနေတဲ့ အသံတွေနဲ့အတူ ..
                                   သံစဉ်မဲ့ ဂီတ တစ်ခုကို ငါထုစစ်နေတယ်
                                   အလင်းရောက်လာတာနဲ့ ..
                                   အမှောင်က ငါနဲ့အတူ ထွက်ပြေးခဲ့တယ်
                                   ပိုင်ရှင်မဲ့ တမ်းတမှုတွေကို ဈေးကြီးပေးပြီး
                                   ငါလိုက်ဝယ်နေပေမယ့် ..
                                   စီးဆင်းလာတဲ့ ငါ့မျက်ရည်ကိုတော့ ..
                                   ဘယ်အရာမှ မတည်မြဲဘူးဆိုပေမယ့်
                                   ရင်ဘတ်ထဲမှာ သံမှိုစွဲနေတဲ့ ခံစားမှုကို
                                   ငါ ဘယ်လို ခေါင်းစဉ် တပ်မလဲ .........
စွာကျယ်မလေးက ဆက်မပြောပဲ ခဏငြိမ်သွားတယ် .. ကျွန်တော် မနေနိုင်လို့ လွှတ်ကနဲ မေးလိုက်မိတယ်
  “ ဘယ်လိုခေါင်းစဉ်တပ်မလဲ .. ဆက်ပြောလေ ”
စွာကျယ်မလေးက ဒုတိယအကြိမ် မျက်စောင်းလေးထိုးပြီး .. “ ဘယ်လိုခေါင်းစဉ်တပ်ရမှာလဲ .... အလွမ်း ပေါ့ ”
သွားပြီ .. ဒီတစ်ခါလဲ သူဖြေနိုင်သွားပြီ .. ဘယ်လောက်တောင်ဖြေနိုင်လဲဆိုရင် .. သူ့ကဗျာလေးက ချစ်စရာကောင်းတယ် ..
ကျွန်တော်ရေးရင်တောင် အဲလောက် ကောင်းမယ် မထင်ဘူး .. တော်လိုက်တဲ့ စွာကျယ်မလေး ..
ဒါပေမဲ့ အေးဆေးပါ .. နောက်ဆုံးမေးခွန်းတစ်ခု ကျန်သေးတယ် .. ဟုတ်တယ်မလား ..
“ ဟိတ် .. ဘာတွေစဉ်းစားနေတာလဲ .. ငါစပ်လိုက်တဲ့ ကဗျာကို နင်သဘောကျသွားပြီမလား ..
မလိမ်နဲ့ .. နင့်မျက်နှာကြီးမှာ သဘောကျနေတဲ့ပုံ ပေါ်နေတယ် ” .. လည်လိုက်တဲ့ စွာကျယ်မလေး
အေးလေ .. ငါကလဲ သူ့ကဗျာကို သဘောကျနေမိတာကိုး .. ရှိစေတော့ “ နင့်ကဗျာက မဆိုးပါဘူး လက်ခံလို့ရပါတယ် .. အေးပါ နင် ဒုတိယမေးခွန်းကိုလဲ ဖြေနိုင်တယ်လို့ ယူဆပါတယ် ”အဲလိုပဲ ကျွန်တော် ပြန်ပြောရတော့တာပေါ့ ..
ပန်းသီးလေးကတော့ .. သူ့ဘက်ကို သွားချင်နေတဲ့ပုံပဲ ..
မသွားပါနဲ့ ပန်းသီးလေးရယ် .. ငါလဲ နင့်ကိုချစ်ပါတယ်
“ ဟေ့ .. တတိယမေးခွန်းကို မေးတော့လေ .. ဘာတွေ စဉ်းစားနေတာလဲ ..
ဘာလဲ အရှုံးပေးချင်နေပြီလား ဟဲဟဲ ...”
အောင်မာ ပြောနေလိုက်ပုံများ .. အမြင်ကပ်စရာလေး အဲ .. သူ့ပုံစံက အမြင်ကပ်စရာကောင်းလေလေ .. ချစ်စရာကောင်းလေလေ ဖြစ်နေသလိုပဲ
ဟာ .. ငါ ဘာတွေစဉ်းစားနေတာလဲ .. တွေ့မယ် ငါ့ရဲ့ တတိယ မေးခွန်းကို နင်မဖြေနိုင်မှာသေချာတယ်
ကျွန်တော် ခဏစဉ်းစားပြီး မေးလိုက်တယ် .. “ ငါရဲ့ တတိယမြောက်မေးခွန်းက .. နင် သေပြီးသွားရင် ဘာဆက်ဖြစ်မလဲ
ဟီးဟီး .. ပိုင်တယ်မလား .. ဘယ်သူမှ ကိုယ်သေပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာကို သိမှာမဟုတ်ဘူး
ဘာလို့လဲဆိုတော့ သေပြီးမှ သိမှာ မလို့လေ .. ဟုတ်တယ်မလား
“ ဟယ် .. ကြည့်စမ်း .. ငါက နောက်ဆုံးမေးခွန်းက အရမ်းခက်မယ်ထင်နေတာ နင်မေးတာ လွယ်လွန်းနေတယ် .. ”
အမ် ..ဘယ်လိုလဲ .. ကျွန်တော်မေးတာ မလွယ်ပါဘူး .. ဟုတ်တယ်မလား .. သေပြီးရင် ဘာဖြစ်မယ်ဆိုတာကို ..
ဘယ်သူက ကြိုသိလို့လဲ .. သူလဲ မသိနိုင်ဘူးလေ .. ဒီတော့ သူမဖြေနိုင်ဘူးပေါ့ .. ဒါပေမဲ့ သူက လွယ်လန်းနေတယ်တဲ့
“ ဘာ ! . .လွယ်လွန်းတယ် ဟုတ်လား .. ဘယ်သူမှ သေပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာ ကြိုမသိဘူး ..   အဲဒီမေးခွန်းအဖြေကို နင်ဖြေနိုင်ဖို့က သေဖို့ပဲရှိတယ်လေ .. အဲဒါမှ ဖြေနိုင်မှာ မဟုတ်ဘူးလား ”
စွာကျယ်မလေး ဒီတစ်ခါတော့ မျက်စောင်းမထိုးတော့ဘူး .. အကျယ်ကြီး အော်ရယ်တော့တာပဲ ..  “ ဟဲ့ .. နင်မေးတဲ့ မေးခွန်းကိုလဲ သေချာ ပြန်စဉ်းစားဦး .. ငါ သေပြီးရင် ဘာဆက်ဖြစ်မလဲ လို့ နင်မေးလိုက်တာလေ ”
ဟုတ်တယ်လေ .. ကျွန်တော် အဲလိုမေးလိုက်တာ .. ဘာဖြစ်လဲ
“ ငါသေပြီးသွားရင် ဘာဆက်ဖြစ်မလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို နင်ကောသိလို့လား .. နင်လဲ ငါနဲ့အတူသေမှပဲ သိမှာ မဟုတ်ဘူးလား နင့်မှာ အဖြေမရှိတဲ့ မေးခွန်းကို နင်မေးတဲ့အတွက် .. ငါကလဲ ကြိုက်သလို ဖြေလို့ရတယ် .. ဘာပဲဖြေဖြေ အမှန်ပဲပေါ့ ”
ဟာ .. ကျွန်တော့်မေးခွန်းနဲ့ ကျွန်တော်ပြန်ထိပြီ .. ဟုတ်သားပဲ .. တောက် ! .. ကျွန်တော် တော်တော်ညံ့တဲ့အကောင်ပဲ ..
အနိုင်လိုချင်စိတ်တွေ အရမ်းများပြီး မေးမိမေးရာ မေးလိုက်မိတာကိုက ကျွန်တော် မှားတာ ..
ဟုတ်တယ် .. သူဖြေလိုက်တာကို မှန် မမှန် ကျွန်တော် ဘယ်လိုစဉ်းစားလို့ရမှာလဲ ..သူဘယ်လိုဖြေဖြေ ကျွန်တော် မှားတယ် မှန်တယ်
ပြောလို့မှ မရပဲ .. ကျွန်တော့်မေးခွန်းကို သူဖြေနိုင်တယ်ဆိုကတည်းက သူအောင်သွားတာပဲလေ
“ ဟေ့ .. စကားပြန်ပြောဦးလေ .. ဘာလို့တိတ်သွားတာလဲ .. ဒီမယ် ငါသေပြီးသွားရင် ဘာဖြစ်သွားမလဲဆိုတော့ ....... ” ကျွန်တော် ကြားဖြတ် မေးမိလိုက်တယ် .. “ ဘာဆက်ဖြစ်သွားမှာလဲဟင် ”
“ ဘာဖြစ်ရမှာလဲ .. နင့်ကို လာခြောက်မဲ့ သရဲမချောချောလေး ဖြစ်သွားမှာပေါ့ .. ဟဲ ဟဲ.. ဘယ်လိုလဲ ငါဖြေတာ မှန်တယ်မလား ”
သွားပြီ .. သေဟ သေဟ .. မမှန်ဘူးပြောလို့မရသလို .. မှန်တယ်လို့လဲ ပြောမရပြန်ဘူး ..
ကျွန်တော်မှ မသိတာ ..
“ မှန်တယ်မလား . .သေချာပါတယ် မှန်သွားပါပြီ .. နင့်မေးခွန်း(၃)ခုစလုံး ငါအောင်မြင်စွာ ဖြေနိုင်သွားပြီနော် .. ပေးတော့ ပန်းသီး ”
ပန်းသီးလေးရေ .. ဘယ်လိုလုပ်ကြမလဲ .. ငါလဲ မင်းကိုမပေးချင်ပါဘူးကွာ ..
ဒါပေမဲ့ ပိုင်ရှင်က သူဖြစ်နေပြီ .. ငါပေးရတော့မယ်
ကျွန်တော် ပန်းသီးလေးကိုသူ့ကိုပေးလိုက်ပါတယ် ..
“ ဟုတ်တယ် .. ငါ့မေးခွန်း(၃)ခုကို နင်ဖြေနိုင်တဲ့အတွက် ဒီပန်းသီးကို နင်ပိုင်သွားပြီ .. ရော့ ”
  သူက ပြုံးပြုံးလေးနဲ့ ကျွန်တော်ပေးတဲ့ ပန်းသီးလေးကို ယူလိုက်တယ် ..   သူ့အပြုံးက အောင်မြင်လို့ပြုံးတဲ့ အပြုံးလေး
 ကျွန်တော် ဘာဆက်လုပ်ရမလဲ .. ဘာမှလုပ်လို့မရတော့ဘူး .. ပန်းသီးလဲ ပါသွားပြီ .. လှည့်ပြန်ဖို့ပဲရှိတော့တယ်
  ဒီတော့ ဘာမှပြောမနေတော့ပဲ .. ကျွန်တော် ထွက်လာခဲ့တယ်
 “ ဟိတ် .. နေဦး ”
  ကျွန်တော် လှည့်ကြည့်လိုက်တယ်
  စွာကျယ်မလေးက ကျွန်တော့်ဆီ တစ်လှမ်းချင်း လှမ်းလာတယ် .. ပြီးတော့ သူ့လက်ထဲက ပန်းသီးကို ကျွန်တော့်ဆီ ထိုးပေးတယ်
  “ ရော့ .. တစ်ကိုက်ကိုက် ..” ကျွန်တော် အံ့သြသွားတယ် .. သူ့ပန်းသီးကို တစ်ကိုက်ကိုက်စားဖို့ ပြောနေတာကိုး
  “ ငါ မစားတော့ပါဘူး .. ဘာလဲ ငါ့ကို နှင့်သိမ့်တဲ့ သဘောနဲ့ ကျွေးတာလား ” သူ့ကိုပြန်မေးလိုက်တယ်
  “ မဟုတ်ဘူး .. စားစေချင်လို့ကျွေးတာပါ .. ရော့ တစ်ကိုက် ကိုက်လိုက် ” ..
   သူ့အကြည့်လေးက တကယ် စေတနာပါတဲ့ အကြည့်လေးပါ ..
   ကျွန်တော် တစ်ကိုက် ကိုက်လိုက်ပါတယ် .. ပြီးတော့ သူ့ကိုပြုံးပြလိုက်တယ် .. သူလဲ ကျွန်တော့်ကို ပြန်ပြုံးပြတယ်
ဒီတစ်ခါ စွာကျယ်မလေးရဲ့ အပြုံးလေးက ကျွန်တော့်ရင်ဘတ် အလည်တည့်တည့်ကို တံခါးမခေါက်ပဲ တန်းဝင်သွားတော့တာပဲ ..
ကောင်မလေးက မေးတယ် .. “ နင့်နာမည် ဘယ်လိုခေါ်လဲ ” ကျွန်တော် ပြန်ဖြေလိုက်တယ်  “ ငါ့နာမည်က အာဒံ ”
“ နင့်နာမည်ကော ဘယ်လိုခေါ်လဲ ” .. ကျွန်တော် ပြန်မေးလိုက်တယ်
“ ငါ့နာမည်က ဧ၀ ” လို့ပြောပြီး ကောင်မလေး ပန်းသီးလေးကို တစ်ကိုက် ကိုက်ကာ .. လှည့်ထွက်သွားတယ်
သေချာပါတယ် .. ကျွန်တော်နဲ့သူ .. ဒီပန်းသီးပင်ကြီးအောက်မှာ နောက်တစ်ခါ ပြန်ဆုံကြဦးမှာပါ ..
ပန်းသီးပင်ကြီးကတော့ .. ကျွန်တော် မကြားအောင် တိုးတိုးလေး ပြောလိုက်တယ် ..
ဒါပေမဲ့ ကျွန်တော် ကြားလိုက်တယ်ဗျ ...
  “ ငါ့ပန်းသီးကြောင့် .. ငါ့ပန်းသီးကြောင့် ” တဲ့ .........
                                               မင်းယုမာန်  ( 8.9.2011 / 1:40 am )
Date with an Angel (နတ်သမီးနဲ့ချိန်းတွေ့ခြင်း)
               Date with an Angel
                 (နတ်သမီးနဲ့ချိန်းတွေ့ခြင်း)
  အချိန်က (၁၂)နာရီ ...
  ဆောင်းညက အေးစိမ့်ပြီး မှောင်မည်းနေတယ်
  ရင်ခုန်သံကို အဖော်ပြုရင်း ကောင်းကင်ကြီးကို
  မျှော်လင့်ချက်ကြီးစွာ ကျွန်တော်ကြည့်နေမိတယ် ...
  ဟော .. သူလာပြီ
  အလင်းတန်းလေးနဲ့အတူ ကောင်းကင်ထက်ကနေ ...
  လှေကားမပါပဲ ငြင်သာစွာ သူစီးဆင်းလို့လာနေပြီ
  ဟုတ်ပါတယ် ..
  အခုလာနေတာက .. သိပ်ချစ်ရတဲ့ ...
  ကျွန်တော့်ရဲ့ချစ်သူ “နတ်သမီး”လေးပါပဲ
  ဘာလို့နောက်ကျနေတာလဲ ကျွန်တော်မေးတော့
  သူက မျက်စောင်းလေးထိုးပြီး ...
  “ဖေကြီး မအိပ်သေးလို့ပေါ့” တဲ့
  ဟုတ်သားပဲ .. ကျွန်တော်တို့က လူကြီးတွေမသိအောင်
  ချိန်းတွေ့နေကြတဲ့ ချစ်သူတွေပဲ
  ဆောင်းက ပိုအေးလာတယ်
  နတ်သမီးလေးက နောက်တစ်ကြိမ်မျက်စောင်းလေးထိုးပြီးပြောတယ်
  “ကြည့် .. အနွေးထည် ၀တ်မလာဘူးလား” ပြောကာ ..
  သူ့နောက်ကျောကနေ ဖြူဖွေးပြီး လှပတဲ့
  တောင်ပံတစ်စုံ ထွက်လာပြီး ကျွန်တော့်ကို ထွေးပိုက်လိုက်လေရဲ့ ...
  တကိုယ်လုံး နွေးထွေးရုံတင်မကဘူး ..
  နှလုံးသားထဲထိပါ နွေးထွေးသွားတယ်
  နတ်သမီးလေးက သီချင်းဆိုပြမယ်တဲ့
  ကျွန်တော့်ကို မျက်လုံးမှိတ်ခိုင်းတယ် ...
  ပြီးတော့ သာယာကြည်နူးဖွယ်ကောင်းတဲ့ သီချင်းတစ်ပုဒ်ကို
  တီးတိုးလေး ဆိုပြတယ်
  သံစဉ်လေးရဲ့ နောက်ကို ကျွန်တော် စီးမျောသွားလိုက်တာ ...
  သီချင်းပြီးသွားတာတောင် မသိလိုက်တဲ့အထိပဲ
  “ဟိတ် .. ပြီးသွားပြီလေ မျက်လုံးပြန်ဖွင့်တော့” လို့ပြောလိုက်မှ
   ကျွန်တော် သတိပြန်ဝင်လာတယ်
   ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ...
   စောစောက ဖူးငုံနေတဲ့ နှင်းဆီလေးတွေတောင် ပွင့်ကုန်ကြပြီ
  နတ်သမီးလေးက ကျွန်တော့်ကို သီချင်းဆိုပြခိုင်းတယ်
  ကျွန်တော် အငဲရဲ့ “နယ်မြေသစ်များစွာ” သီချင်းကို တိုးတိုးလေး ဆိုပြလိုက်တယ်
  သူက ၀င်းလဲ့တောက်ပနေတဲ့ မျက်ဝန်းလေးနဲ့  ...
  ကျွန်တော့် သီချင်းသံကို နားထောင်နေတယ်
  သီချင်းလဲပြီးရော .. နုညံ့တဲ့ နှုတ်ခမ်းတစ်စုံက ...
  ကျွန်တော့်ပါးကို အနမ်းတစ်ခု ဆုချလိုက်တယ်
  ရုတ်တရက် .. သူနဲ့ကျွန်တော် စကားပြောနေရင်း ...
  နတ်သမီးလေးက ကျွန်တော့်ရင်ခွင်ထဲကို အတင်းတိုးဝင်တယ်
  ဘာဖြစ်လို့လဲမေးတော့ ...
  “ဟိုမှာ လမင်းကြီး ချောင်းကြည့်နေတယ် ရှက်စရာကြီး” တဲ့
  နတ်သမီးလေးက ကျွန်တော့်ကို လက်ဆောင်တစ်ခုပေးတယ်
  မှန်တစ်ချပ်ပါ .. ဘာလို့ဒါကို ပေးတာလဲ မေးတော့ ...
  သူအရမ်းချစ်ရတဲ့ ချစ်သူကို ဒီအထဲမှာ သိမ်းထားတယ်တဲ့
  ဘယ်သူလဲ သိချင်ရင် ကြည့်လိုက်လို့ ပြောတယ်
  ကျွန်တော်ကလဲ နတ်သမီးလေးကို လက်ဆောင်တစ်ခုပေးတယ်
  ဘာမှရေးမထားတဲ့ စာအုပ် အဖြူရောင်လေးတစ်အုပ်ပါ
  ဘာမှလဲရေးမထားပါလားလို့ သူက မေးတော့ ...
  ရေးထားပါတယ် .. သန့်ရှင်းစင်ကြယ်တဲ့ အဖြူရောင် စကားလုံးတွေကို
  အဖြူရောင် နှလုံးသားနဲ့ .. ဖြူစင်စွာ ရေးထားတယ်
  သေချာကြည့်ပြီး ဖတ်လေလို့ပြောလိုက်တော့ ...
  နတ်သမီးလေးက ပြုံးတယ် .. ပြီးတော့ ပြောတယ် ...
  နှလုံးသားရဲ့လက်ရေးလေးက အရမ်းလှတာပဲတဲ့
  ပြောရဦးမယ် .. ကျွန်တော့် နတ်သမီးလေးက
  စိတ်ကောက်တတ်တယ်ဗျ
  ခုလဲ သူစိတ်ကောက်ဖြစ်အောင် ကောက်လိုက်သေးတယ်
  ခက်ပြီ .. ဘယ်လိုချော့ရင်ကောင်းမလဲ စဉ်းစားရတော့တယ်
  သိပြီ ...
  သူ့လက်ကိုကိုင်ပြီး ကျွန်တော့်ရင်ဘတ်ကို ထိခိုင်းလိုက်တယ်
  ဒီရင်ခုန်သံတွေ ရပ်တန့်သွားရင်တောင် မင်းကိုချစ်နေဦးမှာလို့ ...
  ပြောလိုက်တော့ .. နှုတ်ခမ်းလေးကိုက်ကာ သူပြုံးတယ်
  စိတ်ကောက်ပြေသွားတဲ့ သဘောပေါ့
  ဟူး .. တော်သေးတာပေါ့နော်
  ဘာလိုလိုနဲ့ ကျွန်တော်တို့ချိန်းတွေ့တာ
  အချိန်တော်တော်ကြာသွားပြီ
  နတ်သမီးလေးက သူပြန်ရတော့မယ်လို့ပြောတယ်
  စိတ်မညစ်ပါနဲ့ .. ခဏနေရင် ပြန်တွေ့ကြမယ်လို့ပြောတယ်
  ကျွန်တော် အံ့သြသွားတယ် .. ဘယ်လိုတွေ့မှာလဲလို့မေးတော့ ...
  သူက အကြည့်ချင်းဆုံပြီး ချိန်းတွေ့မယ်တဲ့
  သူ ကောင်းကင်ဘုံကို ပြန်ရောက်ရင် .. လမင်းကြီးကို ကြည့်နေမယ်တဲ့
  ကျွန်တော်လဲ လမင်းကြီးကို ကြည့်နေလိုက်ပါတဲ့
  အဲဒီတော့ .. ကျွန်တော်တို့ လမင်းကြီးပေါ်မှာ အကြည့်ချင်းဆုံ ချိန်းတွေ့မယ်တဲ့
  လမင်းကြီးကတော့ .. သူ့ကိုအသုံးချမယ်မှန်း သိလို့လားမသိဘူး ...
  ပုန်းနေတယ် .. လုံအောင်လဲ မပုန်းဘူး .. တစ်ခြမ်းကြီးပေါ်နေတယ်
  နှုတ်ဆက် အနမ်းလေးတွေ ကျွန်တော်တို့ အပြန်အလှန်ပေးပြီး ...
  နတ်သမီးလေး  ကောင်းကင်ပေါ်ကို လှပငြင်သာစွာ ...
  ပျံတက်သွားတယ်
  ဟုတ်ပါတယ် .. ကျွန်တော်တို့ နောက်တစ်ကြိမ် ချိန်းတွေ့ဦးမယ်
  လမင်းကြီးပေါ်မှာလေ
  တစ်ညလုံး ကျွန်တော် လမင်းကြီးကို ငေးကြည့်ပြီး ...
  စကားတွေ ပြောနေမိတော့မယ် ထင်တယ်ဗျာ ........................
                                                     မင်းယုမာန် (13.7.2011) 12:5 am