အတွေးအိမ်လေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်
အတွေးအိမ်လေးကို .. ကိုယ်တိုင် ဘ၀အမောပြေ နားခိုရန်နှင့် .. အပေါင်းသင်း သူငယ်ချင်းမိတ်ဆွေများ ပျော်ရွှင်စွာ နားခိုရန် ရည်ရွယ်ချက်ဖြင့် ဆောက်ခဲ့ပါသည် .. အိမ်လေးကို လာရောင်လည်ပတ်ကြသူများ စိတ်သုခနဲ့ ပြည့်စုံပြီး ဘ၀မှာ စိတ်အမောပြေကြပါစေ ...
မင်းယုမာန် (အိမ်ရှင်)
Friday, September 30, 2011
Story of an Apple (ပန်းသီးတစ်လုံးရဲ့ ရာဇ၀င်)
                                      " Story of an Apple "
                                  “ ပန်းသီးတစ်လုံးရဲ့ ရာဇ၀င် ”
  ဧဒင်ဥယျာဉ်ကြီးထဲမှာ တစ်ပင်တည်းပေါက်နေတဲ့ ပန်းသီးပင်ကြီးကနေ ..
  တစ်လုံးတည်းသီးနေတဲ့ .. ပန်းသီးတစ်လုံး  .. လေမတိုက်ပဲ ကြွေကျလိုက်တယ်
  ပန်းသီးကြွေသွားတာကို ကျွန်တော်မြင်လိုက်တော့ .. ပြေးကောက်တာပေါ့
  ကျွန်တော်လဲ ပန်းသီးကို ကောက်လိုက်တဲ့အချိန် ...
  “ဟေ့ .. ဘာလုပ်တာလဲ .. အဲဒါ ငါ့ပန်းသီး မယူနဲ့ ” ပန်းသီးပင်ကြီးနောက်ကနေ အသံတစ်ခုထွက်လာတယ်
   လူတော့မမြင်ရဘူး ..
   ကျွန်တော် ပြန်ပြောလိုက်တယ် ..
   “အပင်ကနေ ကြွေကျလာတာလေ .. ဘယ်လိုလုပ် နင့်ပန်းသီးဖြစ်မှာလဲ ”
  “ဒီပန်းသီးကြွေကျမယ့်အချိန်ကို ငါစောင့်နေတာကြာပြီ .. မကြွေကျသေးလို့စိတ်ညစ်နေတာ ..
    အခု ကြွေကျလာတော့ ဒီပန်းသီးက ငါ့ပန်းသီးပေါ့ ” ဆိုပြီး အပင်နောက်ကနေ .. ကောင်မလေးတစ်ယောက်ထွက်လာတယ်
   ဟင် ဘယ်လိုကြီးလဲ .. ဘာပဲဖြစ်ဖြစ် ပန်းသီးက ကျွန်တော့်လက်ထဲမှာလေ .. ဒီလိုတော့ ဘယ်ရမလဲ
 “ ဟုတ်လား .. နေဦး ပန်းသီးမှာ နင့်နာမည်ပါလားမသိဘူး ငါကြည့်လိုက်ဦးမယ် ” လို့ ပြန်ပြောလိုက်တယ်
 “ ပန်းသီးမှာတော့ နာမည်ပါမလားဟဲ့ .. မရဘူး .. ဒီပန်းသီးကို စားချင်လွန်းလို့ နေ့တိုင်း အပင်အောက်မှာ
     လာပြီး စောင့်နေရတာ .. ပေး အခုပေး .. ငါ့ပန်းသီးပြန်ပေး ” တော်တော်စွာတဲ့ ကောင်မလေးဗျ ..
“ ဟာ .. နင်ဒီလောက်တောင်စားချင်နေရင် မနေ့ကတည်းက ဒီပန်းသီးကို ခူးပြီး စားလိုက်တော့ပေါ့ ..   ခုမှလာပြီး သူ့ဟာလုပ်နေတယ် ” ..
“ မခူးရက်လို့ပေါ့ဟဲ့ ..ပန်းသီးပင်ကြီးမှာ ဒီတစ်သီးပဲရှိတာ .. သူ့အလှက ဒီအသီးလေးကြောင့် ပိုပြီးပြည့်စုံနေတာ ..
  အဲဒါကြောင့်  မခူးရက်လို့ ကြွေအကျကို စောင့်နေတာ ” .. နှုတ်ခမ်းလေးဆူပြီး ကောင်မလေး ကျွန်တော့်ကို ရန်တွေ့ပါတယ်
 “ ဘာလို့ပေးရမှာလဲ .. ဦးတဲ့သူ ယူကြေးပဲ .. ပေးဘူး .. နင်စားချင်ရင် နောက်တစ်လုံးသီးတဲ့အထိစောင့်ပေါ့ ” လို့ပြောပြီး ..ကျွန်တော် ထွက်လာလိုက်တယ် ..
“ နေဦး ” ကောင်မလေးက အော်ပြောလိုက်တယ် “ အဲဒီပန်းသီး ငါ့ကိုပြန်ရောင်း .. ဘယ်လောက်နဲ့ရောင်းမလဲ ” .. ပြောပုံက အပေါ်စီးကနေ .. ဒါမျိုးတော့ ဘယ်ရမလဲ
“ ငါရောင်းမယ့်ဈေးနဲ့ နင်မ၀ယ်နိုင်ပါဘူး ” ..
“ ပြောစမ်းပါ .. နင်ဘယ်လောက်လိုချင်လို့လဲ .. ” ကောင်မလေး တော်တော်စိတ်ဆိုးနေတဲ့ပုံပဲ
 “ ငါက ပိုက်ဆံနဲ့ရောင်းချင်တာမဟုတ်ဘူး .. ဒီလိုလုပ် တကယ်လို့ နင် ငါမေးတဲ့မေးခွန်း(၃)ခုကို ဖြေနိုင်ခဲ့ရင် ..
 ဒီပန်းသီး နင့်ကိုပေးလိုက်မယ် .. ” အမှန်တော့ ကျွန်တော် ဘာမေးရမှန်းမသိပါဘူး .. သူ့ကိုအမြင်ကပ်လို့ ..
ပြောမိပြောရာ ပြောလိုက်တာပါ “ ဒါဆိုမေး .. ငါ ရအောင်ဖြေမယ် ” ကောင်မလေးက သူ့ကိုယ်သူ တော်တော်ယုံကြည်ချက်ရှိတဲ့ပုံပဲ
တကယ်တမ်း မေးရတော့မယ်ဆိုတော့ .. ကျွန်တော် အမြန်စဉ်းစားရတယ် ..
သူ့ပုံစံက ဥာဏ်ကောင်းမယ့်ပုံပဲ .. ယုံကြည့်ချက်လဲရှိတယ်
ကျွန်တော် ပထမဆုံး မေးခွန်းကို မေးလိုက်တယ်
 “ လူ့တန်ဖိုး ဆိုတာကို နင်ဘယ်လိုနားလည်လဲ .. ” ခပ်တည်တည်နဲ့မေးလိုက်တာပဲ
    စွာကျယ်မလေး မဖြေနိုင်ပါစေနဲ့ ..
ကောင်မလေးက ပြုံးလိုက်ပြီး ..  “ လူတစ်ယောက်က လောကမှာ တန်ဖိုးရှိအောင် နေထိုင်ရမယ် ..
    အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ရမယ် ..
    ရည်ရွယ်ချက်ထားပြီး မျှော်လင့်ချက်နဲ့ ဘ၀ခရီးကို လျှောက်လှမ်းတတ်ရမယ်
    ကိုယ့်အသိဥာဏ်ကို ကောင်းစွာ အသုံးချတတ်ရမယ် ..
    ဘယ်အရာကိုမဆို မဆုံးဖြတ်ခင် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်ရမယ်
    လူ့ပတ်ဝန်းကျင်ကို ထိခိုင်နစ်နာစေတဲ့ လုပ်ရပ်မျိုး မလုပ်မိအောင် သတိထားရမယ်
    ကိုယ့်ကိုကိုယ် တန်ဖိုးထားမှ .. သူတစ်ပါးကလဲ ကိုယ့်ကိုပြန်ပြီး တန်ဖိုးထားမှာ ..
    နောက်ပြီး ...... ”
“ တော်တော့ .. ရပြီ .. ဆက်မပြောနဲ့တော့ .. ဒီလောက်ဆို နင့်အဖြေလုံလောက်ပြီ ” ကျွန်တော်တားလိုက်တယ် “ ဟင် .. အများကြီးကျန်သေးတယ် .. ဆက်ပြောရဦးမလား ” .. စွာကျယ်မလေးမဲ့ပြုံးပြုံးပြီး ပြန်ပြောလိုက်တယ်
သေဟ ငါကိုယ်က မမေးတတ်တာပါလား .. ခံရခက်လိုက်တာ .. ဒါပေမဲ့ ဘာရမလဲ ခပ်တည်တည်ပဲ “ အဲလောက်ဆို ငါ့မေးခွန်းကို နင်ဖြေနိုင်မှန်း သိတယ် .. ငါနားငြီးမခံချင်လို့ .. ရပြီ ဆက်မပြောနဲ့တော့ ”
“ ဟွန်း ” ဆိုပြီး ကောင်မလေး ကျွန်တော့်ကို မျက်စောင်းတစ်ချက်ထိုးလိုက်တယ်
 အားပါး .. တော်တော်လှတဲ့ မျက်စောင်းလေးလို့ .. ကျွန်တော် အသိမှတ်ပြုလိုက်တယ်
 “ ကဲ .. ဒါဆိုလဲ ဒုတိယမေးခွန်း မြန်မြန်မေး .. ” စိတ်မရှည်တဲ့ လေသံနဲ့ ကျွန်တော့်ကိုပြောတယ်
ကျွန်တော် ဘာမေးရမလဲ .. အမြန်စဉ်းစားရပြန်ရော .. သိပြီ .. တွေ့ကြသေးတာပေါ့
“ ငါပြောတဲ့ ခေါင်းစဉ်ကို နင်ကဗျာ စပ်ပြရမယ် .. နင့်ကဗျာကို ငါသဘောကျရင် ဒုတိယမေးခွန်း နင်အောင်တယ် ”
ဒီကောင်မလေးပုံက ကဗျာတွေဘာတွေ ခံစားတတ်မယ့်ပုံမပေါ်လို့ တမင်မေးလိုက်တာ .. ပိုင်တယ်မလား
“ ပြော .. နင့်ခေါင်းစဉ်ကို .. ငါ ရအောင် ကဗျာစပ်ပြမယ် ” .. ကောင်မလေးက ခုနက မျက်စောင်းလေးနဲ့ပဲ ပြောလိုက်တယ်
ကျွန်တော် ခေါင်းစဉ်တပ်လိုက်ပြီ .. “ အလွမ်း ” .. ကဲ စပ်ပေတော့ .. စွာကျယ်မလေးရေ ..
 စွာကျယ်မလေးက ခဏလောက် စဉ်းစားလိုက်တယ် ..                                                               ပြီးတော့ တစ်လုံးခြင်း ပီပီသသနဲ့ “ အလွမ်း ” ကိုကဗျာစပ်တယ်
                                               “ အလွမ်း ”
                                   ဆွံ့အနေတဲ့ အသံတွေနဲ့အတူ ..
                                   သံစဉ်မဲ့ ဂီတ တစ်ခုကို ငါထုစစ်နေတယ်
                                   အလင်းရောက်လာတာနဲ့ ..
                                   အမှောင်က ငါနဲ့အတူ ထွက်ပြေးခဲ့တယ်
                                   ပိုင်ရှင်မဲ့ တမ်းတမှုတွေကို ဈေးကြီးပေးပြီး
                                   ငါလိုက်ဝယ်နေပေမယ့် ..
                                   စီးဆင်းလာတဲ့ ငါ့မျက်ရည်ကိုတော့ ..
                                   ဘယ်အရာမှ မတည်မြဲဘူးဆိုပေမယ့်
                                   ရင်ဘတ်ထဲမှာ သံမှိုစွဲနေတဲ့ ခံစားမှုကို
                                   ငါ ဘယ်လို ခေါင်းစဉ် တပ်မလဲ .........
စွာကျယ်မလေးက ဆက်မပြောပဲ ခဏငြိမ်သွားတယ် .. ကျွန်တော် မနေနိုင်လို့ လွှတ်ကနဲ မေးလိုက်မိတယ်
  “ ဘယ်လိုခေါင်းစဉ်တပ်မလဲ .. ဆက်ပြောလေ ”
စွာကျယ်မလေးက ဒုတိယအကြိမ် မျက်စောင်းလေးထိုးပြီး .. “ ဘယ်လိုခေါင်းစဉ်တပ်ရမှာလဲ .... အလွမ်း ပေါ့ ”
သွားပြီ .. ဒီတစ်ခါလဲ သူဖြေနိုင်သွားပြီ .. ဘယ်လောက်တောင်ဖြေနိုင်လဲဆိုရင် .. သူ့ကဗျာလေးက ချစ်စရာကောင်းတယ် ..
ကျွန်တော်ရေးရင်တောင် အဲလောက် ကောင်းမယ် မထင်ဘူး .. တော်လိုက်တဲ့ စွာကျယ်မလေး ..
ဒါပေမဲ့ အေးဆေးပါ .. နောက်ဆုံးမေးခွန်းတစ်ခု ကျန်သေးတယ် .. ဟုတ်တယ်မလား ..
“ ဟိတ် .. ဘာတွေစဉ်းစားနေတာလဲ .. ငါစပ်လိုက်တဲ့ ကဗျာကို နင်သဘောကျသွားပြီမလား ..
မလိမ်နဲ့ .. နင့်မျက်နှာကြီးမှာ သဘောကျနေတဲ့ပုံ ပေါ်နေတယ် ” .. လည်လိုက်တဲ့ စွာကျယ်မလေး
အေးလေ .. ငါကလဲ သူ့ကဗျာကို သဘောကျနေမိတာကိုး .. ရှိစေတော့ “ နင့်ကဗျာက မဆိုးပါဘူး လက်ခံလို့ရပါတယ် .. အေးပါ နင် ဒုတိယမေးခွန်းကိုလဲ ဖြေနိုင်တယ်လို့ ယူဆပါတယ် ”အဲလိုပဲ ကျွန်တော် ပြန်ပြောရတော့တာပေါ့ ..
ပန်းသီးလေးကတော့ .. သူ့ဘက်ကို သွားချင်နေတဲ့ပုံပဲ ..
မသွားပါနဲ့ ပန်းသီးလေးရယ် .. ငါလဲ နင့်ကိုချစ်ပါတယ်
“ ဟေ့ .. တတိယမေးခွန်းကို မေးတော့လေ .. ဘာတွေ စဉ်းစားနေတာလဲ ..
ဘာလဲ အရှုံးပေးချင်နေပြီလား ဟဲဟဲ ...”
အောင်မာ ပြောနေလိုက်ပုံများ .. အမြင်ကပ်စရာလေး အဲ .. သူ့ပုံစံက အမြင်ကပ်စရာကောင်းလေလေ .. ချစ်စရာကောင်းလေလေ ဖြစ်နေသလိုပဲ
ဟာ .. ငါ ဘာတွေစဉ်းစားနေတာလဲ .. တွေ့မယ် ငါ့ရဲ့ တတိယ မေးခွန်းကို နင်မဖြေနိုင်မှာသေချာတယ်
ကျွန်တော် ခဏစဉ်းစားပြီး မေးလိုက်တယ် .. “ ငါရဲ့ တတိယမြောက်မေးခွန်းက .. နင် သေပြီးသွားရင် ဘာဆက်ဖြစ်မလဲ
ဟီးဟီး .. ပိုင်တယ်မလား .. ဘယ်သူမှ ကိုယ်သေပြီးရင် ဘာဆက်ဖြစ်မလဲဆိုတာကို သိမှာမဟုတ်ဘူး
ဘာလို့လဲဆိုတော့ သေပြီးမှ သိမှာ မလို့လေ .. ဟုတ်တယ်မလား
“ ဟယ် .. ကြည့်စမ်း .. ငါက နောက်ဆုံးမေးခွန်းက အရမ်းခက်မယ်ထင်နေတာ နင်မေးတာ လွယ်လွန်းနေတယ် .. ”
အမ် ..ဘယ်လိုလဲ .. ကျွန်တော်မေးတာ မလွယ်ပါဘူး .. ဟုတ်တယ်မလား .. သေပြီးရင် ဘာဖြစ်မယ်ဆိုတာကို ..
ဘယ်သူက ကြိုသိလို့လဲ .. သူလဲ မသိနိုင်ဘူးလေ .. ဒီတော့ သူမဖြေနိုင်ဘူးပေါ့ .. ဒါပေမဲ့ သူက လွယ်လန်းနေတယ်တဲ့
“ ဘာ ! . .လွယ်လွန်းတယ် ဟုတ်လား .. ဘယ်သူမှ သေပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာ ကြိုမသိဘူး ..   အဲဒီမေးခွန်းအဖြေကို နင်ဖြေနိုင်ဖို့က သေဖို့ပဲရှိတယ်လေ .. အဲဒါမှ ဖြေနိုင်မှာ မဟုတ်ဘူးလား ”
စွာကျယ်မလေး ဒီတစ်ခါတော့ မျက်စောင်းမထိုးတော့ဘူး .. အကျယ်ကြီး အော်ရယ်တော့တာပဲ ..  “ ဟဲ့ .. နင်မေးတဲ့ မေးခွန်းကိုလဲ သေချာ ပြန်စဉ်းစားဦး .. ငါ သေပြီးရင် ဘာဆက်ဖြစ်မလဲ လို့ နင်မေးလိုက်တာလေ ”
ဟုတ်တယ်လေ .. ကျွန်တော် အဲလိုမေးလိုက်တာ .. ဘာဖြစ်လဲ
“ ငါသေပြီးသွားရင် ဘာဆက်ဖြစ်မလဲဆိုတဲ့ မေးခွန်းရဲ့အဖြေကို နင်ကောသိလို့လား .. နင်လဲ ငါနဲ့အတူသေမှပဲ သိမှာ မဟုတ်ဘူးလား နင့်မှာ အဖြေမရှိတဲ့ မေးခွန်းကို နင်မေးတဲ့အတွက် .. ငါကလဲ ကြိုက်သလို ဖြေလို့ရတယ် .. ဘာပဲဖြေဖြေ အမှန်ပဲပေါ့ ”
ဟာ .. ကျွန်တော့်မေးခွန်းနဲ့ ကျွန်တော်ပြန်ထိပြီ .. ဟုတ်သားပဲ .. တောက် ! .. ကျွန်တော် တော်တော်ညံ့တဲ့အကောင်ပဲ ..
အနိုင်လိုချင်စိတ်တွေ အရမ်းများပြီး မေးမိမေးရာ မေးလိုက်မိတာကိုက ကျွန်တော် မှားတာ ..
ဟုတ်တယ် .. သူဖြေလိုက်တာကို မှန် မမှန် ကျွန်တော် ဘယ်လိုစဉ်းစားလို့ရမှာလဲ ..သူဘယ်လိုဖြေဖြေ ကျွန်တော် မှားတယ် မှန်တယ်
ပြောလို့မှ မရပဲ .. ကျွန်တော့်မေးခွန်းကို သူဖြေနိုင်တယ်ဆိုကတည်းက သူအောင်သွားတာပဲလေ
“ ဟေ့ .. စကားပြန်ပြောဦးလေ .. ဘာလို့တိတ်သွားတာလဲ .. ဒီမယ် ငါသေပြီးသွားရင် ဘာဖြစ်သွားမလဲဆိုတော့ ....... ” ကျွန်တော် ကြားဖြတ် မေးမိလိုက်တယ် .. “ ဘာဆက်ဖြစ်သွားမှာလဲဟင် ”
“ ဘာဖြစ်ရမှာလဲ .. နင့်ကို လာခြောက်မဲ့ သရဲမချောချောလေး ဖြစ်သွားမှာပေါ့ .. ဟဲ ဟဲ.. ဘယ်လိုလဲ ငါဖြေတာ မှန်တယ်မလား ”
သွားပြီ .. သေဟ သေဟ .. မမှန်ဘူးပြောလို့မရသလို .. မှန်တယ်လို့လဲ ပြောမရပြန်ဘူး ..
ကျွန်တော်မှ မသိတာ ..
“ မှန်တယ်မလား . .သေချာပါတယ် မှန်သွားပါပြီ .. နင့်မေးခွန်း(၃)ခုစလုံး ငါအောင်မြင်စွာ ဖြေနိုင်သွားပြီနော် .. ပေးတော့ ပန်းသီး ”
ပန်းသီးလေးရေ .. ဘယ်လိုလုပ်ကြမလဲ .. ငါလဲ မင်းကိုမပေးချင်ပါဘူးကွာ ..
ဒါပေမဲ့ ပိုင်ရှင်က သူဖြစ်နေပြီ .. ငါပေးရတော့မယ်
ကျွန်တော် ပန်းသီးလေးကိုသူ့ကိုပေးလိုက်ပါတယ် ..
“ ဟုတ်တယ် .. ငါ့မေးခွန်း(၃)ခုကို နင်ဖြေနိုင်တဲ့အတွက် ဒီပန်းသီးကို နင်ပိုင်သွားပြီ .. ရော့ ”
  သူက ပြုံးပြုံးလေးနဲ့ ကျွန်တော်ပေးတဲ့ ပန်းသီးလေးကို ယူလိုက်တယ် ..   သူ့အပြုံးက အောင်မြင်လို့ပြုံးတဲ့ အပြုံးလေး
 ကျွန်တော် ဘာဆက်လုပ်ရမလဲ .. ဘာမှလုပ်လို့မရတော့ဘူး .. ပန်းသီးလဲ ပါသွားပြီ .. လှည့်ပြန်ဖို့ပဲရှိတော့တယ်
  ဒီတော့ ဘာမှပြောမနေတော့ပဲ .. ကျွန်တော် ထွက်လာခဲ့တယ်
 “ ဟိတ် .. နေဦး ”
  ကျွန်တော် လှည့်ကြည့်လိုက်တယ်
  စွာကျယ်မလေးက ကျွန်တော့်ဆီ တစ်လှမ်းချင်း လှမ်းလာတယ် .. ပြီးတော့ သူ့လက်ထဲက ပန်းသီးကို ကျွန်တော့်ဆီ ထိုးပေးတယ်
  “ ရော့ .. တစ်ကိုက်ကိုက် ..” ကျွန်တော် အံ့သြသွားတယ် .. သူ့ပန်းသီးကို တစ်ကိုက်ကိုက်စားဖို့ ပြောနေတာကိုး
  “ ငါ မစားတော့ပါဘူး .. ဘာလဲ ငါ့ကို နှင့်သိမ့်တဲ့ သဘောနဲ့ ကျွေးတာလား ” သူ့ကိုပြန်မေးလိုက်တယ်
  “ မဟုတ်ဘူး .. စားစေချင်လို့ကျွေးတာပါ .. ရော့ တစ်ကိုက် ကိုက်လိုက် ” ..
   သူ့အကြည့်လေးက တကယ် စေတနာပါတဲ့ အကြည့်လေးပါ ..
   ကျွန်တော် တစ်ကိုက် ကိုက်လိုက်ပါတယ် .. ပြီးတော့ သူ့ကိုပြုံးပြလိုက်တယ် .. သူလဲ ကျွန်တော့်ကို ပြန်ပြုံးပြတယ်
ဒီတစ်ခါ စွာကျယ်မလေးရဲ့ အပြုံးလေးက ကျွန်တော့်ရင်ဘတ် အလည်တည့်တည့်ကို တံခါးမခေါက်ပဲ တန်းဝင်သွားတော့တာပဲ ..
ကောင်မလေးက မေးတယ် .. “ နင့်နာမည် ဘယ်လိုခေါ်လဲ ” ကျွန်တော် ပြန်ဖြေလိုက်တယ်  “ ငါ့နာမည်က အာဒံ ”
“ နင့်နာမည်ကော ဘယ်လိုခေါ်လဲ ” .. ကျွန်တော် ပြန်မေးလိုက်တယ်
“ ငါ့နာမည်က ဧ၀ ” လို့ပြောပြီး ကောင်မလေး ပန်းသီးလေးကို တစ်ကိုက် ကိုက်ကာ .. လှည့်ထွက်သွားတယ်
သေချာပါတယ် .. ကျွန်တော်နဲ့သူ .. ဒီပန်းသီးပင်ကြီးအောက်မှာ နောက်တစ်ခါ ပြန်ဆုံကြဦးမှာပါ ..
ပန်းသီးပင်ကြီးကတော့ .. ကျွန်တော် မကြားအောင် တိုးတိုးလေး ပြောလိုက်တယ် ..
ဒါပေမဲ့ ကျွန်တော် ကြားလိုက်တယ်ဗျ ...
  “ ငါ့ပန်းသီးကြောင့် .. ငါ့ပန်းသီးကြောင့် ” တဲ့ .........
                                               မင်းယုမာန်  ( 8.9.2011 / 1:40 am )
0 comments:
Post a Comment