အတွေးအိမ်လေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်
အတွေးအိမ်လေးကို .. ကိုယ်တိုင် ဘ၀အမောပြေ နားခိုရန်နှင့် .. အပေါင်းသင်း သူငယ်ချင်းမိတ်ဆွေများ ပျော်ရွှင်စွာ နားခိုရန် ရည်ရွယ်ချက်ဖြင့် ဆောက်ခဲ့ပါသည် .. အိမ်လေးကို လာရောင်လည်ပတ်ကြသူများ စိတ်သုခနဲ့ ပြည့်စုံပြီး ဘ၀မှာ စိတ်အမောပြေကြပါစေ ...
မင်းယုမာန် (အိမ်ရှင်)
Sunday, October 2, 2011
“ The Room ” (အခန်း)
“ The Room ”
                              “ အခန်း ”
  မလိမ်ပဲ အမှန်တိုင်းပြောတတ်တဲ့ မှန်တစ်ချပ်ရှိတယ်
  စိတ်ခြောက်သွေ့တိုင်း သောက်လေ့ရှိတဲ့ ရေဗူးတစ်ဗူးရှိတယ်
  ချိုတလှည့် ခါးတလှည့် အရသာ ပေးနေတဲ့ ကော်ဖီတစ်ခွက်ရှိတယ်
  လက်တွေကို ခိုင်းတတ်တဲ့ Keyboard တစ်ခုရှိတယ်
  ခိုင်းသမျှကို မငြီးမညူ ဖော်ပြပေးနေတဲ့ Monitor တစ်လုံးရှိတယ်
  အတွေးတွေကို မြေတောင်မြှောက်ပေးနေတဲ့ ဆေးလိပ်တစ်ဗူးရှိတယ်
  ကင်ဆာဖြစ်မယ်လို့ အမြဲသတိပေးနေတဲ့ ပြာခွက်တစ်ခုရှိတယ်
  ဂယောက်ခြောက်ခြားဖြစ်လာရင် ရေးဖို့ မှတ်စုစာအုပ်တစ်အုပ် ရှိတယ်
  လူကြီးမင်းလို့ ခေါ်တတ်တဲ့ မိန်းကလေးကို အကျဉ်းချထားတဲ့ ဖုန်းတစ်လုံးရှိတယ်
  ရက်၊လ၊နှစ် တွေကို ရောင်စုံခြယ်သထားတဲ့ Calendar တစ်ခုရှိတယ်
  အမြဲတမ်းပြောင်းလဲပြီး ငြိမ်ငြိမ်မနေတဲ့ နာရီတစ်လုံးရှိတယ်
  တုန်လှုပ်ခြောက်ခြားစရာ အမှတ်တရတွေကို မျိုချထားတဲ့ ဗီရိုတစ်လုံးရှိတယ်
  အိပ်ရာဝင်တိုင်း ချော့သိပ်တတ်တဲ့ သီချင်းအဆိုကောင်းတဲ့ စက်တစ်လုံးရှိတယ်
  အာရုံနံနက်ခင်းကို ၀င်ခွင့်ပြုတဲ့ ပြတင်းပေါက်တစ်ခု ရှိတယ်
  ဘယ်လိုမှ လှုပ်မရအောင် ချုပ်ကိုင်ထားတဲ့ အလုပ်ပေါင်းများစွာရှိတယ်
  ရေဓာတ်မပါပဲ အမြဲတမ်းလန်းဆန်းနေတဲ့ ပန်းအိုးတစ်လုံးရှိတယ်
  အမှောင်ထုကို မကြောက်တတ်အောင် သင်ပေးတဲ့ ကာရံတစ်ချို့ရှိတယ်
  အိပ်ပျော်လိုက်တာနဲ့ နှလုံးသားကို လှံနဲ့ထိုးမယ့် ငရဲအိပ်မက်တွေရှိတယ်
  နောက်ထပ်ဘာရှိသေးလဲ ... ?
  အော် ... မေ့လို့ ...
  သာယာကြည်နူးစရာကောင်းပြီး တည်ငြိမ်အေးချမ်းစွာနဲ့ ...
  နုညံ့တဲ့ ကြင်နာယုယမှုတွေကနေ .. ပေါက်ဖွားလာမယ့် ...
  ချစ်ခြင်းတရားကို ငတ်မွတ်တောင့်တနေတဲ့ ...
  အရှင်လတ်လတ် လူသားတစ်ယောက်လဲ ရှိနေသေးတယ်
                                                     မင်းယုမာန် ( 16.9.2011 / 2:25 am )
2 comments:
hninpennphyu said...
နောက်ဆုံးကျန်ခဲ့တဲ့ အရှင်လတ်လတ်လူသားတစ်ယောက်ရဲ့ တောင့်တ နေတဲ့ ချစ်ခြင်းတရာကို ပေးနိုင်မယ့် နုညံ့တဲ့အကြင်နာလက် တစ်စုံ ကမ်းလင့်လာပါစေ....
ခံစားအားပေးခဲ့တယ် ကွာ...
Unknown said...
ကိုကြီး ကို ချစ်တယ်
တစ်ကယ်ချစ်တယ် ကိုကြီး အနားကိုလာခွင့်ပေးပါ
Post a Comment