“ ပြတိုက် FM ”
မင်္ဂလာပါခင်ဗျာ .. ပြတိုက် FM က အသံလွှင့်နေပါတယ်
အခုထုတ်လွှင့်မယ့်အစီစဉ်လေးကတော့ .. ပြတိုက်မှ အဖွဲ့ဝင်ဖြစ်သော
ကိုမင်းယုမာန်နဲ့ သူ၏ ပရိသတ်များ ဖုန်းပြောမယ့်အစီစဉ်ဖြစ်ပါတယ်
“ ကိုမင်းယုမာန်ရေ .. မင်္ဂလာပါဗျာ .. အခုလို မအားလပ်တဲ့ကြားကနေ
ကျွန်တော်တို့ ပြတိုက် FM အတွက် မေးခွန်းလေးတွေလာဖြေပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ် ”
“ ဟုတ်ကဲ့ .. မင်္ဂလာပါ ကိုပြတိုက် .. အခုလို ကျွန်တော့်လိုမျိုး တိုင်းမသိ
ပြည်မသိ .. နိုင်ငံမကျော် .. မြို့မကျော် .. ရပ်ကွက်မကျော် ..
အဲ .. တစ်အိမ်ကျော်ကတော့ သိတယ်ဗျ .. အဲလိုလူမျိုးကို
ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
“ ကဲ ကိုမင်းယုမာန်ရေ .. ကျွန်တော့်တို့ရဲ့ (ပြောကြမယ်ဟေ့ ကောင်းကောင်း)
အစီစဉ်လေး စလိုက်ကြရအောင် .. ကိုမင်းယုမာန်နဲ့စကားပြောချင်နေတဲ့
ပရိတ်သတ်တွေလဲ စောင့်နေလောက်ပြီ .. ကဲ စလိုက်တော့မယ်နော် .. ”
..............................................
“ ကလင် .. ကလင် .. ကလင် . ”
“ ဟုတ်ကဲ့ .. မင်းယုမာန်စကားပြောနေပါတယ် ”
“ ဘာ .. မင်းယုမာန်တွေ ဘာတွေလုပ်နေတာလဲ .. ဟေ့ကောင် ..
မင်းငါ့ဆီက ချေးထားတဲ့ အကြွေးတွေ ပြန်မပေးချင်လို့ ..
ရှောင်နေတာ ငါမသိဘူးများမှတ်နေလား .. ဘယ်ရမလဲ ..
မင်းဒီနေ့ ပြတိုက်မှာ ဖုန်းပြောမယ်မှန်းသိလို့ကို တမင်စောင့်နေတာ ..
ဟေ့ကောင် ငါ့အကြွေးတွေ ဘယ်တော့ဆပ်မှာလဲ ..”
“ အဟီး .. အစ်ကို့နာမည်လေးနဲ့ နေရပ်လိပ်စာလေးတစ်ချက်လောက်
ပြောပြပါလား ..ကျွန်တော့်မှာ အကြွေးရှင်တွေများတယ် .. ဘယ်သူလဲမသိဘူးခင်ဗျ ”
“ အေး ငါ့နာမည်က ........၊ ......... မှာနေတယ် .. သိပြီလား
အေး မင်းအမြန်ဆပ်နော် .. မဆပ်လို့ကတော့ .. မင်းကြီးတော်ကြီးကို ငါရအောင်ယူမယ် ဒါပဲ ”
“ ဟုတ် .. အမြန်ဆပ်ပါ့မယ်ဗျာ .. ကြီးတော်ကြီးကိုတော့ ချမ်းသာပေးပါ .. အခုလို ..
သတိတရနဲ့ ကျွန်တော့်ကို အကြွေးတောင်းတဲ့အတွက် ကျေးဇူးပါပဲနော် အစ်ကို .. ”
အမြန်ဖုန်းချမှ .. မဟုတ်ရင် .. ငါတော့မလွယ်ဘူး .. ဘုရား ဘုရား ဒီအစီစဉ်ကို ကြီးတော်ကြီးများ နားထောင်နေလားမသိဘူး
“ကလင် .. ကလင် .. ကလင် ”
“ ဟုတ်ကဲ့ .. မင်းယုမာန်ပြောနေပါတယ် ”
“ ဟယ် .. မင်းမင်း လေးလား .. ကြည့်စမ်း .. အသံလေးက ချိုနေတာပဲ ..
တို့လေ မင်းမင်းလေးရဲ့ ပရိတ်သတ်ပါ .. သိလားလို့ ..တို့ အလှပြင်ဆိုင်မှာဆိုရင်
မင်းမင်းလေးရဲ့ ပိုစတာတွေ အများကြီးကပ်ထားတယ် သိလား .. တို့က အလှဖန်တီးရှင်တစ်ယောက်လေ
မင်းမင်းလေး အလှပြင်ချင်ရင်ပြောနော် .. တို့က အလကားပြင်ပေးမှာ .. မင်းမင်းလေးရဲ့ မျက်နှာလေးကို
ကိုင်ရရင် တို့လေ .. သေပျော်ပြီ သိလား .. အဲလောက်တောင်ချစ်တာနော် .. ”
“ အဟင့် .. ဟုတ်ကဲ့ .. အဲလောက်ချစ်တာသိရလို့ .. ပြေးမိချင် အဲလေ .. ကျေးဇူးတင်မိပါတယ် ..
ဒါနဲ့ အစ်ကို .. အဲ .. မမရဲ့ နာမည်က ဘယ်လိုခေါ်လဲ .. ဘယ်ကနေပြောနေတာလဲဟင် ”
“ အော် တို့လား .. တို့လေ နာမည်ပြောင်းလိုက်ပြီသိလား .. မင်းမင်းလေးနာမည်ပါအောင်လို့
ပြန်ပြောင်းလိုက်တာ .. တို့နာမည်က ယုမာန်ထိပ်ထား တဲ့ .. နေတာကတော့ မင်းမင်းလေးနေတဲ့
မန္တလေးကပဲ .. မန္တလေးသူလေးပါရှင် .. စကားပြောနေရင်းနဲ့တောင် တွေ့ချင်လာပြီ .. ဒီအစီစဉ်ပြီးသွားရင်
မင်းမင်းလေးရဲ့အိမ်ကို လာလည်မယ်နော် .. တို့ကို မျှော်နေနော် .. နော်လို့ .. ”
အောင်မလေး .. အိမ်လာလည်မယ်တဲ့ဗျ .. လုပ်ကြပါဦး
“ ဟုတ်ကဲ့ လာလည်ပါနော် .. ပုန်းနေ အဲလေ .. မျှော်နေမယ်နော် .. အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
နောက်လူတွေ စောင့်နေလို့ ဖုန်းချလိုက်တော့မယ်နော် မမယုမာန်ထိပ်ထား .. ”
“ ကလင် .. ကလင် .. ကလင် ”
“ မင်းယုမာန် စကားပြောနေပါတယ် ”
“ ဒီမှာ မင်းယုမာန်.. ရှင်ကျွန်မကို မနေ့က ရည်းစားစာပေခဲ့တယ်လေ
မှတ်မိရဲ့လား .. ကျွန်မနာမည်က .......... လေ .. သိပြီလား .. ဘယ်နှယ့်ရှင် ..
မိန်းကလေးတစ်ယောက်ကိုပေးတဲ့ ရည်းစားစာကလဲ .. ရှင်တော်တော် ဗရုတ်ကျတဲ့လူပဲ
နေဦး .. ရှင့်အကြောင်း အားလုံးသိအောင် ရှင့်စာကို ကျွန်မ အခုဖတ်ပြလိုက်မယ် ..
ရှင်ဖုန်းချမယ်တော့ မကြံနဲ့နော် .. ဖုန်းချလိုက်ရင် အွန်လိုင်းပေါ်မှာ ရှင့်မကောင်းကြောင်းတွေကို
ကြေငြာပလိုက်မယ် .. အဲဒီတော့မှ တစ်နိုင်ငံလုံးသိမှာ .. ဟင်း ဟင်း .. နားထောင်နေ ..
( ကြည့်စမ်း .. တို့က ဒီစာကို မင်းမယူလောက်ဘူးမှတ်နေတာ တကယ်ယူတယ်နော် ..
ယူတယ်ဆိုကတည်းက .. စိတ်ဝင်စားလို့ပေါ့ .. စိတ်ဝင်စားတယ်ဆိုရင် ချစ်နေလို့ပေါ့ .. ရှင်းရှင်းလေးပဲ
ချစ်နေရင်လဲ .. တို့က စဉ်းစားပေးရမှာပေါ့ .. မင်းရှေ့မှာ တန်းစီနေတဲ့သူတွေ များတယ်ကွယ်
ဒါပေမဲ့ မပူပါနဲ့ .. ကြားဖြတ်တိုးလို့ရပါတယ် .. ရဲရဲကြီးသာ ကြားဖြတ်တိုးလိုက် .. တို့က သတ္တိရှိတဲ့သူဆိုရင်
သဘောကျတယ် ..
စဉ်းစားပေးနေမယ် .. ပုံ .. မင်းယုမာန် )
ကျွန်မ တော်တော်ဒေါသထွက်နေတယ် ရှင့်ကိုလဲ ပါးကွဲအောင် ရိုက်ချင်နေတယ် .. ဟင်း ဟင်း ... ”
“ ခင်လို့ နောက်တာပါ .. အဲလောက် စိတ်မဆိုးပါနဲ့ .. တို့က ဒေါသကြီးတဲ့သူတွေကို သဘောမကျဘူး ..
အခုလို တို့စာလေးကို ဖတ်ပြပေးတဲ့အတွက် .. ကျေးဇူးပဲနော် .. ဒါပဲနော် ”
သူက ခင်ကြီးကျယ်ဗျ .. မာနကလဲ အရမ်းကြီး .. လူတွေကို မတူသလို မတန်သလိုနဲ့ .. အမြင်ကပ်လို့
ရည်းစားစာဆိုပြီးလိုက်ပေးတာ .. သူဘာလို့ယူလဲ .. ဟုတ်ဘူးလား .. သူ့ဘာသာယူတုန်းကယူပြီးတော့ ..
အမလေး ပြောနေရင်း ပါးယားလာပြီ ..
“ ကလင် .. ကလင် .. ကလင် .. ”
“ ဟယ်လို .. မင်းယုမာန် စကားပြောနေပါတယ် ”
“ တိုကြီး မင်းယုမာန် လား .. တား တိုကြီးရဲ့ အိမ်နားကပဲ .. တားနာမည်က ........ လေ
တားက တိုကြီးကို ခင်တယ်ဂျ.. တိုကြီးကို တဘောလဲကျတယ် ”
“ တိုပါဘူးကွာ .. ရှည်တယ် အဲ .. စိတ်ရှည်တယ်လို့ပြောတာ .. သားက တိုကြီး အဲ .. ကိုကြီးနဲ့ပက်သတ်ပြီး
ဘာတွေများသဘောကျနေတာလဲ.. နည်းနည်းလောက် ပြောပြပါလား .. ”
“ တိုကြီးက မိုးရွာရင် ကရေးတွေနဲ့ ဘောလုံးကန်တာ အရမ်းကျွမ်းတယ် .. တားတို့ ဖန်ဂေါ်လီပစ်တမ်းကချားရင်
တိုကြီးပစ်တာ အရမ်းတည့်တယ်ရေ .. ပြီးတော့ .. တိုကြီး တားတို့နဲ့တူတူပုန်းတမ်းကချားရင် .. တိုကြီးနဲ့ တားမမက
အရမ်းပုန်းတာတော်တယ် .. တားတို့ တိုကြီးတို့နှစ်ယောက်ကို ဘယ်ရိုမှ ရှာလို့မရဘူး .. အဲရာ .. တိုကြီးတို့ ..
ဘယ်နားမှာ တွားပုန်းနေတာရဲ .. တားတိချင်တယ် .. ဒီမှာ တားတူငယ်ချင်းတွေရဲ ရှိနေတယ် .. ပြောပြနော် တိုကြီး .. ”
အာ .. ဒီကလေး .. ဘာတွေမေးနေတာလဲ .. ငါတော့ အရှက်ကွဲပါပြီ .. အဲဒါ ပုန်းတာမဟုတ်ဘူးဟဲ့ .. နင်တို့ကို ပထုတ်တာဟ
“ အော်အေး .. ကိုကြီးတို့ ဘယ်နားမှာပုန်းလဲဆိုတော့ .. သားတို့အိမ်နောက်က ရေကန်ပျက်ကြီးထဲမှာ .. သားတို့ဘယ်သိမလဲ
နောက်ဆို .. အဲဒီရေကန်ပျက်ကြီးထဲမှာ လာရှာနော် ..
သား ဖေဖေနဲ့မေမေကို ကိုကြီးတို့ တူတူပုန်းတမ်းကစားတာကို ပြန်မပြောနဲ့နော် .. ”
“ ကျေးချူးပဲ တိုကြီး .. ဖေကြီးနဲ့မေကြီးက တားကို ဖုန်းဆက်ခိုင်းရို့ ဆက်တာ .. ဖေကြီးနဲ့မေကြီးမျက်နှာကြီးက ချူပုပ်နေရာပဲ ..
ဘာရို့လဲ တိဘူး တိုကြီး ... ဒါပဲနော် .. တာ့တာ ”
အောင်မလေး .. သွားပါပြီ .. ဘယ်လိုမျက်ခွက်နဲ့ ရပ်ကွက်ထဲ ပြန်ဝင်ရပါ့မလဲ .. ကယ်ကြပါဦးဗျ
“ ကလင် .. ကလင် .. ကလင် .. ”
အဟင့် .. ဖုန်းကိုင်ရမှာတောင် ကြောက်လာပြီ ..
“ ဟယ်လို .. မင်းယုမာန်ပြောနေပါတယ် ”
“ ဟေ့ကောင် .. မင်းအခု အိမ်ပြန်လာခဲ့စမ်း .. မင်းနဲ့ဖုန်းပြောတာတွေ
ငါနားထောင်နေတယ် .. မင်းကွာ .. မင်းကြောင့် ငါတို့မျက်နှာပျက်ရပြီ ..
ဘယ်နှယ့် .. ကွမ်းယာလေး သွားဝယ်ခိုင်းလိုက်ပါတယ် .. ပြန်ကို ပေါ်မလာတော့ဘူး
အေး မင်းတွေ့မယ် .. အိမ်ရောက်မှ ငါ့အကြောင်းသိမယ် .. လာခဲ့စမ်း ... ”
“ အာ .. ဒက်ဒီ .. အဖေ .. ကျေးဇူးရှင် .. သားအခု ဖုန်းနဲ့ပြောနေတာတွေ
တစ်ခုမှ မမှန်ဘူး အဖေ .. အလကား .. ဘေးလူစကားတွေ နားမယောင်နဲ့နော် .. ”
“ ဘာကွ .. တစ်ခုမှမမှန်ဘူးဟုတ်တယ် .. အေး အခု အိမ်မှာ အကြွေးရှင်ရယ် ..
ဟိုမိတ်ကပ်လိမ်းတဲ့ အခြောက်ရယ် .. မင်းစာပေးခဲ့တဲ့ ကောင်မလေးရယ် ..
မင်းတူတူပုန်းတမ်းကစားတဲ့အိမ်က လူကြီးတွေ ရောက်နေတယ် .. မင်းကြီးတော်ကြီးလဲ
ဒုတ်ကိုင်ပြီး မင်းကိုစောင့်နေတယ် .. ကဲ မင်းဘာ ငြင်းချင်သေးလဲ ..
ဟေ့ကောင် .. ငါ့အကြောင်းသိတယ်နော် .. ခုချက်ချင်း အိမ်ကိုပြန်လာခဲ့စမ်း .. ”
“ ဟုတ် .. အခုလို ကျွန်တော့်ကို အိမ်ကိုဖိတ်ခေါ်နေတဲ့ .. ကျွန်တော့်အဖေကိုလဲ ကျေးဇူးတင်ပါတယ် ..
နောက်လဲ .. ကျွန်တော်နဲ့ ဖုန်းပြောချင်တဲ့သူတွေ နောက်တစ်ပတ်မှ ပြန်ဆုံတွေ့ကြမယ်နော် ..
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ .. ဒါပဲနော် .. အိမ်ပြန်ရတော့မယ်ဗျ .. အဟင့် ”
“ အာ ... ဒီကောင် .. ပြောလေ ဆိုးလေပါလား .. ခုလာခဲ့စမ်း .. မင်းမလာရင် ငါလိုက်လာမှာနော် .. ”
“ လာပါပြီ ခင်ဗျ .. ကြောက်ပါတယ်ဆိုမှ .. လာပြီ .. အားလုံး စိတ်ကိုထိန်းထားကြပါနော် .. ”
.......................................
“ ဟုတ်ကဲ့ .. အခုလို .. ပရိတ်သတ်များနဲ့ ချစ်ချစ်ခင်ခင် စကားပြောပေးခဲ့တဲ့အတွက်
ကိုမင်းယုမာန်ကို ကျွန်တော်တို့ ပြတိုက် FM မှ ကျေးဇူးအထူးတင်ပါတယ် ..
နောင်ကိုလဲ .. ကျွန်တော်တို့ရဲ့ ပြောကြမယ်ဟေ့ ကောင်းကောင်း အစီစဉ်လေးမှာ
ပါဝင်ဖုန်းပြောပေးပါဦးလို့ .. ဖိတ်ခေါ်ပါတယ် ကိုမင်းယုမာန် ”
“ အောင်မလေး .. ကိုပြတိုက်ရယ် .. ဒီတစ်ခေါက်နဲ့တင် အရိုးတစ်ခြား အသားတစ်ခြား
ဖြစ်သွားမလားမသိဘူး .. အင်းပေါ့လေ .. ချစ်ခင်သူတွေက ဖိတ်ခေါ်တော့လဲ ..
နောက်တစ်ခေါက် လာနိုင်ဖို့ ကြိုးစားရမှာပေါ့ .. ခုတော့ .. ပြန်လိုက်ဦးမယ်နော် ..
ကဲ .. ဒီအစီစဉ်ကို နားဆင်နေကြတဲ့ မိဘပြည်သူ သူငယ်ချင်းများလဲ ..
ကျွန်တော့်အတွက် ဆုတောင်းပေးကြပါနော် .. ကျွန်တော့်ကိုချစ်တယ်မလား
ချစ်ရင် ပစ်မထားကြပါနဲ့နော် .. နော်လို့ ........... ”
မင်းယုမာန် (28.9.2011 / 2:30 pm )
(အွန်လိုင်း ပြတိုက် ဆိုက်ဒ် မှာ ရေးခဲ့သော ပို့စ် ဖြစ်သည်)
အတွေးအိမ်လေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်
အတွေးအိမ်လေးကို .. ကိုယ်တိုင် ဘ၀အမောပြေ နားခိုရန်နှင့် .. အပေါင်းသင်း သူငယ်ချင်းမိတ်ဆွေများ ပျော်ရွှင်စွာ နားခိုရန် ရည်ရွယ်ချက်ဖြင့် ဆောက်ခဲ့ပါသည် .. အိမ်လေးကို လာရောင်လည်ပတ်ကြသူများ စိတ်သုခနဲ့ ပြည့်စုံပြီး ဘ၀မှာ စိတ်အမောပြေကြပါစေ ...
မင်းယုမာန် (အိမ်ရှင်)
မင်းယုမာန် (အိမ်ရှင်)
2 comments:
ဟားးးးးးးးးးးဟားးးးးးးးးးးးးးးးးးး
မှတ်ပလားကွ။။။။
ရယ်မောသွားပါကြောင်းးးးးးးးးးးးးးဗျို့
ခိခိ ယုမာန်ထိပ်ထား နဲ့ ရေတွင်းပျက်ထဲ ခိခိ
မျက်စိထဲအကွင်းလိုက်ပဲ ငိငိ
Post a Comment