“ ကျွန်တော်မေး၍ သူဖြေသည် ”
ကလေးမလေးက .. ကျွန်တော်မေးတာကို မဖြေချင်ပုံပဲ ..
ခေါင်းငုံ့ထားတယ် .. ကိုယ်လေးကြုံ့ပြီး သက်ပြင်းတွေချနေတယ်
“ ဦးလေးကြီး သမီးကို သနားပါနော် .. ဦးလေးကြီးတို့ ပေးမှ ကျွေးမှ စားရမယ့်ဘ၀ပါ ”
ကျွန်တော်လိုချင်တာ အဲဒီအဖြေမဟုတ်ဘူး ..
ကျွန်တော် လိုချင်တဲ့အဖြေကို မရ ရအောင်မေးဖို့ဆုံးဖြတ်လိုက်တယ်
“ မင်း အခုလို လိုက်တောင်းစားနေတာ ဘယ်လောက်ကြာပြီလဲ .. ငါမေးတာကို မင်းဖြေရင် ..
မင်းလိုချင်တဲ့ ပိုက်ဆံကို ငါပေးမယ် .. မင်းတစ်ခါမှ မရဘူးတဲ့ ပိုက်ဆံမျိုး ရစေရမယ်ကွာ ”
ကောင်မလေး ခေါင်းမော့လာတယ် .. သူ့မျက်ဝန်းက ၀မ်းနည်းမှုအပြည့်နဲ့ .. ရီဝေစွာနဲ့ ကျွန်တော့်ကိုမော့ကြည့်တယ်
“ ဦးလေးက ဘာလို့ သိချင်တာလဲ .. သမီးကို ပိုက်ဆံမပေးချင်လဲ သမီး သွားတော့မယ် ”
ကလေးမလေး သူ့ခွက်လေးကိုင်ပြီး ထလိုက်တယ် ..
“ ဒီမှာကြည့် .. ငါမေးတာကို မင်းဖြေရင် ဒီ၅၀၀၀တန်ကို ပေးမယ်ကွာ .. ”
ကောင်မလေး မျက်လုံးတွေက ငွေ၅၀၀၀တန်စီ ရောက်သွားတယ် ..
“ ဦးလေးကြီး သမီးကို တကယ် ၅၀၀၀ ပေးမှာလား .. ” သူ့မျက်ဝန်းက ၀မ်းနည်းနေရာကနေ ၀င်းလဲ့သွားတယ်
“ အေးလေ .. တကယ်ပေးမှာပေါ့ .. ဒါပေမဲ့ ငါမေးတာတွေကို မင်းဖြေမှ ဒီပိုက်ဆံကို မင်းကို ပေးမယ် .. ကဲ ဘယ်လိုလဲ ”
“ မေး .. သမီး ဖြေမယ် .. ” ကလေးမလေးပုံစံက မေးသမျှကို ဖြေဖို့ အသင့်အနေထား
“ ကောင်းပြီ မင်းအခု ဒီငွေ ၅၀၀၀ ကို ရရင် အရင်ဆုံး ဘာလုပ်မလဲ .. ”
ကလေးမလေး တစ်ချက် စဉ်းစားတယ် ..
“သမီး ဒီနေ့ လိုက်မတောင်းတော့ဘူး .. အိမ်က အမေနဲ့ မောင်လေးတွေအတွက် .. ထမင်းထုပ်သွားဝယ်မယ်
ပြီးရင် .. ဈေးချိုထိပ်မှာ တွန်းလှည်းနဲ့ရောင်းနေတဲ့ တစ်ထည်ကို 500 တန် အင်္ကျီလှလှလေးနှစ်ထည်လောက်
စိတ်ကြိုက်ကို ထိုင်ရွေးလိုက်မယ် .. သမီး အဲဒီအင်္ကျီလှလှလေးတွေ လိုချင်နေတာကြာပြီ ဦးလေးကြီးရ .. ”
“ နေပါဦး .. မင်းမှာ အဖေမရှိတော့ဘူးလား ..”
“ ရှိတယ် .. အဖေနဲ့အမေကကွဲနေတာ .. အငယ်ဆုံးမောင်လေးမွေးပြီးတော့ အဖေက အမေနဲ့သမီးတို့ကို ထားပြီး
နောက်မိန်းမနဲ့ ထွက်ပြေးသွားတယ် .. အဖေက အရက် အရမ်းသောက်တာ .. သောက်ပြီးရင်လဲ အရမ်းဆိုးတယ်
အမေ့ကိုလဲ အရမ်းရိုက်တယ် .. သမီးကိုလဲ ရိုက်တယ် .. အဖေ့ကို သမီး မုန်းတယ် ”
“ မင်းအမေကကော ဘာအလုပ်လုပ်လဲ .. မင်းလိုပဲ တောင်းစားတာပဲလား ”
“ ဟုတ်တယ် ..အမေနဲ့ သမီးက နေရာခွဲပြီး တောင်းတာ .. အမေက (၅)ရပ်ကွက်လောက် လိုက်တောင်းတယ် ..
သမီးကတော့ .. ရပ်ကွက်(၁၀)ခုလောက် ရောက်တယ် .. ဒါတောင် ထမင်းထုပ်မ၀ယ်နိုင်တဲ့နေ့တွေရှိတယ် ”
“ မင်းတို့အပြင်ထွက်ပြီး တောင်းနေတဲ့အခါ .. မင်းရဲ့ မောင်လေးတွေကို ဘယ်သူထိန်းလဲ ..
သူတို့ကကော ဘယ်အရွယ်ရောက်ပြီလဲ .. ”
“ မောင်လေးအကြီးက ၇ နှစ် .. မောင်လေး အငယ်က ၅ နှစ်ပဲ ရှိသေးတယ် .. သူတို့ကို ဘေးအိမ်က အဒေါ်ကြီးက ထိန်းပေးတယ် ”
“ ဒီလောက်ငယ်တဲ့အရွယ်လေးတွေကို ဘေးအိမ်ကိုပေးခဲ့တယ် ဟုတ်လား .. ဘေးအိမ်ကကော သေချာထိန်းပေးရဲ့လား .. ”
“ ဘေးအိမ်က အဒေါ်ကြီးက သဘောကောင်းတယ် .. သူ့ယောက်ကျားက သေသွားပြီ .. သူ့အိမ်မှာ သူတစ်ယောက်တည်းနေတာ ..
ဘယ်သူမှမရှိဘူး .. သမီးရဲ့မောင်လေးတွေကို သူက ချစ်တယ် .. သမီး တောင်းပြီးလို့ အိမ်ပြန်ရင် သူ့အတွက် စားစရာဝယ်ပေးရတယ် ”
“ အဲဒီအဒေါ်ကြီးကကော ဘာလုပ်လဲ .. ”
“ အဒေါ်ကြီးက ဘာမှလုပ်ဖူး .. သူက လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး .. ဒူးနာ ရောဂါရှိတယ် .. မနက်ဆိုရင် သမီးက သူ့အတွက် ..
ထမင်းထုပ်နှစ်ထုပ် ၀ယ်ပေးခဲ့တယ် .. တစ်ထုပ်က သူ့အတွက် .. ကျန်တဲ့တစ်ထုပ်က မောင်လေးတွေကို သူကျွေးဖို့အတွက် ”
အော် သူ့လို သူတောင်းစားတောင်မှ ကလေးထိန်း ကို ထမင်းထုပ်ပေးပြီး ထိန်းခိုင်းပါလား .. ကျွန်တော် သဘောကျပြီး ပြုံးမိတယ်
“ မင်းပြောတဲ့ ထမင်းထုပ်က ဘယ်လိုမျိုးလဲ .. ”
“ ထမင်းထုပ်လေ .. မသိဘူးလား .. အသားတော့မပါဘူး ထမင်းရယ် ဟင်းအနှစ်ကို နယ်ပြီး ဖက်နဲ့ထုပ်ထားတာလေ ”
ကျွန်တော် တကယ်မသိဘူး .. သူပြောတဲ့ ထမင်းထုပ်ကို မျက်လုံးထဲ ပုံဖော်ကြည့်မိတယ်
“ အဲဒီ ထမင်းထုပ်က ဘယ်လောက်ပေးရတာလဲ .. ”
“ ထမင်းထုပ်အသေးက ၁၀၀ .. ထမင်းထုပ်အကြီးက ၁၅၀ ပေးရတာ ဦးလေးကြီး ”
“ မင်း တစ်နေ့ကို လိုက်တောင်းရင် ပုံမှန် ဘယ်လောက်ရလဲ .. ”
“ ပုံမှန်တော့ မရှိဘူး .. ရတဲ့အခါလဲ ရတယ် .. မရတဲ့အခါလဲ ရှိတယ် .. ကံကောင်းရင် ၅၀၀ လောက်ရတယ် ..
ကံမကောင်းတဲ့အခါ .. ၃၀၀ ဆိုတာ အများဆုံးပဲ .. ”
“ အခုကော မင်းဘယ်လောက်ရနေပြီလဲ .. ”
ကလေးမလေးက သူ့အိပ်ထဲက ပိုက်ဆံ အစုပ်အပြဲလေးတွေကိုထုပ်ပြီး ရေလိုက်တယ်
“ ၁၇၀ ရပြီ ဦးလေးကြီး .. ”
“ အမယ် .. မင်းပိုက်ဆံရေတာ မြန်သားပဲ .. ကျောင်းက ဘယ်နှတန်းထိနေခဲ့ဘူးလဲ ”
“ အဖေ အိမ်က ထွက်မသွားခင်တုန်းက သမီးကျောင်းနေခဲ့တယ် .. ၄ တန်းထိ နေခဲ့ဘူးတယ် ..
အဖေလဲ အိမ်ကထွက်သွားရော .. သမီးလဲ ကျောင်းထွက်ပြီး ဒီအလုပ်လုပ်ရတာပဲ .. ”
“ မင်းအဖေကကော အရင်က ဘာလုပ်လဲ .. ”
“ သူက တွန်းလှည်းဆွဲတယ် ဦးလေးကြီး .. ဈေးက အသီးနှံတွေကိုတွန်းလှည်းနဲ့ လိုက်ပို့ပေးတာလေ ”
“ နေပါဦး မင်းအသက်က ဘယ်လောက်ရှိပြီလဲ .. ”
“ သမီးအသက်က ၁၃ နှစ် .. ဦးလေးကြီး မေးတာ မပြီးသေးဘူးလား .. သမီးအိမ်ပြန်ချင်ပြီ .. ၅၀၀၀ ပေးတော့လေ ”
ကလေးမလေးက အလည်လေးပဲ .. ကျွန်တော်မေးသမျှကို ချက်ချင်း ပြန်ဖြေတယ် ..
သူ့ကြည့်ရတာ သွက်သွက်လက်လက်နဲ့ ကျောင်းနေရင် စာတော်မယ့်ပုံလေး .. သူ့ကို အဖြူအစိမ်း ကျောင်းဝတ်စုံလေးနဲ့ မျက်လုံးထဲမြင်မိတယ်
“ ပေးမှာပါကွ .. နည်းနည်းလောက် ထပ်မေးချင်သေးတယ် .. မင်းကလဲ အေးဆေးပေါ့ကွာ .. ၅၀၀၀ ကြီးတောင်ရမှာပဲ .. စိတ်ရှည်လေကွာ ”
“ သမီးက အိမ်ပြန်ပြီး အမေနဲ့မောင်လေးတွေကို ကြွားချင်လှပြီ ..
သမီးဒီနေ့တောင်းတာ ၅၀၀၀ ရတယ်လို့ ပြီးတော့ ဒီနေ့ထမင်းထုပ်ကို ၀က်သားနဲ့ဝယ်မယ်
အမေ့နဲ့မောင်လေးတွေအတွက် အင်္ကျီလဲ ၀ယ်ရမယ် .. မောင်လေးတွေကစားဖို့ အရုပ်သေနတ်လေးလဲ ၀ယ်မယ် ..
သမီးက ဘိုမရုပ်လေး လိုချင်နေတာကြာပြီ ”
“ ဟေ့ .. မင်းလိုချင်တာတွေက များလှချည်လားကွ .. ငွေ ၅၀၀၀ နဲ့ကော လောက်ပါ့မလား .. ”
“ လောက်တာပေါ့ .. အများကြီးပိုသေးတယ် .. ပိုတဲ့ပိုက်ဆံကို အမေ့ကို ပေးမယ် .. အမေ့မှာ အကြွေးဆပ်စရာတွေရှိတယ် ဦးလေးကြီးရ ”
“ အေးပါ .. ဦးအများကြီး မမေးတော့ပါဘူး .. မင်း တောင်းစားတဲ့အလုပ်မဟုတ်ပဲ တစ်ခြားအလုပ် မလုပ်ချင်ဘူးလား .. ”
“ သမီးက ဘာမှလုပ်တတ်ဘူး .. တောင်းပဲတောင်းစားတတ်တာ ”
ကျွန်တော် စိတ်မကောင်းဖြစ်မိသွားတယ် .. ပိုက်ဆံလိုက်တောင်းနေတဲ့အလုပ်ကိုလုပ်တဲ့အတွက် ..
ဒီကလေးမလေးရဲ့စိတ်ထဲမှာ ငါ ပိုက်ဆံပဲလိုက်တောင်းတတ်တယ် .. ဘာမှမလုပ်တတ်တော့ဘူးလို့ သူ့စိတ်ထဲမှာ စွဲမြဲနေတယ်
“ မင်းလုပ်တတ်တဲ့အလုပ်တွေအများကြီးရှိတယ် .. ဦးပြောတာကို သေချာမှတ်ထား .. မင်းမှာ လက်နှစ်ဖက် ခြေထောက်နှစ်ဖက်
သန်သန်မာမာကြီးရှိသေးတယ် .. ဟုတ်တယ်နော် .. အဲဒါတွေကို အသုံးချပြီး မင်း အလုပ်တွေအများကြီးလုပ်လို့ရတယ် ”
“ သမီးက ဘာမှ မလုပ်တတ်တာ .. ဘယ်သူက သမီးကို အလုပ်ပေးမှာလဲ ဦးလေးကြီးရ ”
ကလေးမလေး အဲလိုမေးလိုက်တော့ .. ကျွန်တော် သူ့အတွက် အလုပ်တစ်ခုကို စဉ်းစားတယ်
ကျွန်တော့်ဆိုင်ရှေ့မှာ ဗန်ဒါပင်ကြီးတစ်ပင်ရှိတယ် .. အရွက်တွေကလဲ နေ့တိုင်းကိုကြွေတယ်
ကျွန်တော် တစ်နေ့ကို သုံးခါလောက် ဆိုင်ရှေ့ထွက်ပြီး အမှိုက်လှဲရတယ်
“ ဦး မင်းကို အလုပ်ပေးမယ် .. မနက်ဖြန်က စပြီး မနက်တစ်ခါ .. ညနေတစ်ခါ ဦးဆိုင်ရှေ့မှာ ကြွေကျနေတဲ့ ဗန်ဒါရွက်တွေကို
မင်းက လိုက်ကောက်ပြီး အမှိုက်တောင်းထဲထည့်ပေးရမယ် .. သေချာပြောင်အောင် လုပ်ပေးရမှာနော် ..
အဲလိုလုပ်ပေးရင် ဦးက မင်းကို နေ့တိုင်း ငွေ၂၀၀ ပေးမယ် .. ဘယ်လိုလဲ .. မင်း လုပ်မလား ”
“ လုပ်ပေးမယ်ဦး .. အဲလိုလုပ်ပေးရင် တစ်နေ့ကို ၂၀၀ အမြဲတမ်းပေးမှာနော် .. ”
“ အေးပေါ့ .. နေ့တိုင်းလာလုပ်ကွာ .. တကယ်လို့ ဗန်ဒါရွက်တွေ မကြွေလို့ အမှိုက်မရှိရင် ..
ဦးဆိုင်ထဲမှာ တံမြက်စီးလှဲပေးရမယ် .. ဟုတ်ပြီလား ”
“ အင်း .. လာလုပ်ပေးမယ် .. အခုပဲ ဦးဆိုင်ရှေ့က ဗန်ဒါရွက်တွေကို ကောက်ပြီး အမှိုက်ပုံးထဲထည့်ပေးမယ် .. ”
ကလေးမလေး ကျွန်တော့်ဆိုင်ရှေ့က ဗန်ဒါရွက်တွေကို တစ်ခုမကျန်လိုက်ကောက်ပြီး အမှိုက်ပုံးထဲ ထည့်လိုက်တယ်
ကျွန်တော် သဘောကျသွားတယ် .. အလုပ်ကို အချိန်မဆွဲပဲ လုပ်ချင်တဲ့စိတ် သူ့မှာရှိတယ်
အမှိုက်တွေအားလုံးလဲ သူကောက်ပြီးကော .. ကျွန်တော့်ဆီကို ပြန်ရောက်လာတယ်
“ မင်းကို ဦးက ၅၀၀၀တန် မပေးဘူး .. ၅၀၀တန် ၆ရွက်နဲ့ ၁၀၀၀တန် ၂ရွက်ခွဲပေးမယ် .. ဘာလို့လဲဆိုတော့ ..
မင်း ၅၀၀၀တန်ကြီး ကိုင်ထားတာ မြင်ရင် အားလုံးက တစ်မျိုးထင်နေလိမ့်မယ် ”
ကလေးမလေးက ခေါင်းကုပ်ပြီး ကြည့်နေတယ် .. ကျွန်တော် ပြောတာကို သူသေချာနားမလည်တဲ့ပုံပဲ
ကျွန်တော်သူ့ကို ပိုက်ဆံထုပ်ပေးလိုက်တယ် .. သူ့ပုံစံလေးက အရမ်းကို ပျော်ရွှင်နေတယ်
တစ်ခါမှ ဒီလောက် ငွေအများကြီးကို မကိုင်ဘူးတော့ ..သူ စိတ်လှုပ်ရှားနေတယ်
“ အခု မင်းလိုချင်တဲ့ဟာတွေကို ၀ယ်ပြီးရင် အိမ်ကို တန်းပြန် ..
အိမ်ရောက်ရင် မင်းအမေကိုသေချာရှင်းပြပြီး ကျန်တဲ့ပိုက်ဆံတွေကို အပ်လိုက် ..
မနက်ဖြန်ကစပြီး မင်း ဦးဆီမှာ အလုပ်လာလုပ်ရမယ် .. ဟုတ်ပြီလား ”
“ ဟုတ် .. သမီး နေ့တိုင်းလာပြီး လုပ်ပေးပါ့မယ် .. ”
ကလေးမလေးက ပိုက်ဆံတွေကို သူ့လွယ်အိပ်လေးထဲကိုသေချာထည့်တယ်
“ ဦး သမီးသွားတော့မယ် နောက်နေ့ကျရင် လာခဲ့မယ် .. ” ပြောပြီး ခုန်ပေါက် ပျော်ရွှင်စွာ ထွက်သွားတယ်
ကျွန်တော် သူ့ကို ငေးကြည့်နေရင်း စိတ်ထဲမှာ တွေးလိုက်မိတယ် ..
ကျွန်တော် သူ့အတွက် ခဏတာ ပျော်ရွှင်မှုကိုပဲ ဖန်တီးပေးလိုက်နိုင်တာပါ
သူ့ဘ၀တစ်သက်တာ ပျော်ရွှင်မှု .. ဘ၀မှာ မျက်နှာမငယ်ပဲ ရဲဝင့်စွာ ရင်ဆိုင်ဖြတ်သန်းနိုင်အောင်
ဘယ်လိုမျိုး အခြေနေတွေက ဖန်တီးပေးနိုင်မလဲ ........
....................
မိဘမဲ့ကလေးကျောင်းဆိုတာ မိဘမဲ့တဲ့သူတွေ .. မိဘမရှိတော့တဲ့သူတွေကိုပဲ လက်ခံလေ့ရှိပါတယ်
မိဘရှိပြီး .. ခိုကိုးရာမဲ့နေတဲ့ (သို့) လောကမှ ခက်ခဲကြမ်းတမ်းစွာ ရှာဖွေစားသောက်နေရတဲ့
အခုလို ကလေးငယ်မျိုးတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိနေပါတယ်
သူတို့လို ကလေးမျိုးတွေကျတော့ကော .. ဘယ် လူ့အဖွဲ့စည်းက လက်ခံပါသလဲ ..
ရှိတော့ရှိတယ် .. တစ်ချို့ လူမှုရေးအဖွဲ့တွေ စုပေါင်းပြီး ယခုလို ကလေးများစုဝေးရာသို့သွားပြီး ..
မုန့်ကျွေးတာ အ၀တ်စားပေးတာ .. တတ်နိုင်သလောက် လှူဒါန်းတာတွေရှိပါတယ်
သူတို့လို ကလေးမျိုးဟာ တစ်ခြားကလေးများနဲ့တန်းတူ ကျောင်းတက်ပြီး စာကြိုးစားခွင့်ရမယ်ဆိုရင်
ထူးချွန်တဲ့သူ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူ ပြောနိုင်သလဲ ..
သူတို့မှာလဲ သူတောင်းစားဖြစ်ဖို့အတွက် ရင်းနှီးခဲ့ရတာတွေ ရှိတယ် .. လေ့လာသင်ယူခဲ့ရတာတွေရှိတယ်
အရှက်တရားကို မေ့ထားရတယ် .. မကြောက်တတ်အောင် နေရတယ်
သူများ ပေးချင်ကမ်းချင် သနားချင်အောင် .. ပုံစံမျိုးစုံနဲ့ ဖော်ပြနိုင်တဲ့ အတတ်ပညာရှိတယ်
ခွေးတွေမြင်ရင် ပြန်လည်တိုက်ခိုက်တတ်တဲ့ သတ္တိမျိုးတွေ မွေးထားကြတယ်
အဆင့်အတန်း .. ဂုဏ်သိက္ခာ .. ပညာ .. အသိတရား ... အရည်အချင်း စတာတွေကို မေ့ထားလိုက်ရင်
သူတို့ဟာ ကျွန်တော်တို့လို လူသားတွေပါပဲ .. လူလူချင်း အတူတူပါပဲ
လူသားအချင်းချင်း စာနာနားလည်မှုရှိရမယ့် တာဝန်မှာ လူသားတိုင်းရဲ့ တာဝန်တစ်ခုပါ ................................
မင်းယုမာန် ( 21.9.2011 / 2:15 am )
အတွေးအိမ်လေးမှ လှိုက်လှဲစွာ ကြိုဆိုပါသည်
အတွေးအိမ်လေးကို .. ကိုယ်တိုင် ဘ၀အမောပြေ နားခိုရန်နှင့် .. အပေါင်းသင်း သူငယ်ချင်းမိတ်ဆွေများ ပျော်ရွှင်စွာ နားခိုရန် ရည်ရွယ်ချက်ဖြင့် ဆောက်ခဲ့ပါသည် .. အိမ်လေးကို လာရောင်လည်ပတ်ကြသူများ စိတ်သုခနဲ့ ပြည့်စုံပြီး ဘ၀မှာ စိတ်အမောပြေကြပါစေ ...
မင်းယုမာန် (အိမ်ရှင်)
မင်းယုမာန် (အိမ်ရှင်)
2 comments:
ဟုတ်တာပေါ့ဗျာ
“အဆင့်အတန်း .. ဂုဏ်သိက္ခာ .. ပညာ .. အသိတရား ... အရည်အချင်း စတာတွေကို မေ့ထားလိုက်ရင်
သူတို့ဟာ ကျွန်တော်တို့လို လူသားတွေပါပဲ .. လူလူချင်း အတူတူပါပဲ
လူသားအချင်းချင်း စာနာနားလည်မှုရှိရမယ့် တာဝန်မှာ လူသားတိုင်းရဲ့ တာဝန်တစ်ခုပါ ................................”
ကိုကြီး အဲ့ဒါတကယ်လားဟင် ဖတ်ရင်းမျက်ရည်တောင်ဝဲတယ် တကယ်ဆိုအဲ့ကလေးမလေးရှိသေးလားဟင် :-(
Post a Comment